မြန်မာတိုင်းစာစောင်ထဲက အတွေးအမြင် ကဏ္ဍလေးမှာ (မ)ခင်မြတ် ရေးသားခဲ့တဲ့ “ဘ၀ ကပေးတဲ့ဇော” ဆိုတဲ့ ဒီဆောင်းပါးလေးကို ဖတ်မိပြီး နှစ်သက်လို့ ပြန်မျှဝေပေးချင်ပါတယ်..။
ခရီးသည်အတော်များများ အိပ်မောကျနေတဲ့ အချိန်မှာ ကျိုက်ထီးရိုးစေတီရှိရာဆီ ဖြည်းဖြည်းမှန်မှန် မောင်းနှင်နေတဲ့ ကားသမားကိုကြည့်ရင်း အတွေးနယ်ချဲ့မိပါတယ်။ သူသည်လည်းပဲ အိပ်ချင်စိတ်ရှိနေမှာ ဖြစ်ပေမယ့် သူ့ရဲ့ငိုက်မည်းမှုတစ်ချက်မှာ ခရီးသည်များစွာရဲ့ အသက်အိုးအိမ်ဟာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ရှိတာကြောင့် တစ်ယောက်တည်း ညဥ့်ယံကို အန်တုပြီး ခရီးရဲ့ပန်းတိုင်ကို အရောက်သွားလျှက်ရှိပါတယ်။ ဒါကြောင့်လည်း ခရီးသည်တွေကို လိုရာခရီး ချောချောမွေ့မွေ့ အရောက်ပို့ဖို့ဆိုတဲ့ သူ့ရဲ့တာဝန်ကြီးကို ပြီးမြောက်ဖို့ သတိရှိရှိ ကျော်ဖြတ်နေတာပါ။
ကျိုက်ထီးရိုးတောင်ခြေ ရသေ့တောင်စခန်းမှာလည်း တောင်ပေါ်ကဆင်းလာတဲ့ ဘုရားဖူးတွေ ၊ အခုမှတက်မယ့် ဘုရားဖူးတွေ အပါအ၀င် ၀င်ငွေရဖို့ ခရီးသည် အလုအယက် ရှာဖွေနေကြတဲ့ ကားသမားတွေ၊ ကိုယ့်ဆိုင်ထဲ လူဝင်ဖို့ရာ အပြိုင်အဆိုင် ခေါ်နေကြတဲ့ ဈေးသည်တွေ၊ အထမ်းရဖို့ စောင့်နေရတဲ့ အကူအထမ်းသမားတွေနဲ့ ပျားပန်းခပ်မျှ ရှုပ်ထွေးနေပါတယ်။
အဲဒီအထဲမှာ အားအစိုက်ရဆုံး၊ အပင်ပန်းဆုံးက အထမ်းသမားတွေပဲ ဖြစ်ပါတယ်။ အထုပ်အပိုး ငါးအိတ်လောက်ကို ခြင်းကြီးတစ်လုံးထဲထည့်ပြီး တောင်ပေါ်ကို ခြေလှမ်းမှန်မှန်နဲ့ တက်သွားတဲ့ အကူအထမ်းသမားတွေကို တောင်ခြေမှာပဲဖြစ်ဖြစ်၊ တောင်ပေါ်မှာပဲဖြစ်ဖြစ် ဟိုတစ်ကွက် ဒီတစ်ကွက် တွေ့နေရပါတယ်..။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁,၀၀၀ ကျော်ရှိတဲ့ ကျိုက်ထီးရိုးတောင်ပေါ်ကို ဘုရားဖူးတိုင်းလိုလို တောင်ဝှေးအားကိုးနဲ့ ချွေးသီးချွေးပေါက် ပြိုက်ပြိုက်ကျအောင် တက်နေရတဲ့အချိန်မှာ ဒီအထမ်းသမားတွေကတော့ တောင်စောင်းလေးကို မှီပြီးနားလိုက်တက်လိုက် ၀မ်းစာရှာဖွေနေတာ မွန်းမတည့်ခင် အနည်းဆုံး လေးခေါက်လောက်တော့ ရှိပြီတဲ့။
ဒီအကူအထမ်းသမားတွေဟာလည်း အသက်အရွယ်အစုံပါပဲ။ စာရေးသူတို့ တောင်ပေါ် အတက်တစ်ဝက် လောက်ရောက်တော့ ကလေးမလေးတစ်ယောက် ပစ္စည်းတွေပြွတ်သိပ် ထည့်ထားလို့ ဖောင်းကားနေတဲ့ ခရီးဆောင်အိတ်ကြီးနှစ်လုံး ထည့်ထားတဲ့ ခြင်းတောင်းကြီး ကိုထမ်းရင်း ဘယ်ညာမတိမ်းအောင် ခြေကိုဆပြီး လှမ်းလာနေတာကိုလည်း တွေ့ရပါတယ်။
စာရေးသူတို့ကားက ယာဉ်မောင်းသမားကြီး အပါအ၀င် တောင်ပေါ်ကို ခေါက်တုန့်ခေါက်ပြန် သွားနေတဲ့ အကူအထမ်းသမားတွေရဲ့ လှုပ်ရှားမှုကို မြင်ရတဲ့အချိန်မှာ စာရေးသူ နားလည်လိုက်မိတာကတော့ မိမိရဲ့ဘ၀အခြေအနေကပေးတဲ့ “ ဇော ” ဆိုတဲ့ အဓိပ္ပါယ် ကိုပါပဲ။
ဒီမြင့်မားလှတဲ့ တောင်ကြီးတွေကို အမှုမထားနိုင်ဘဲ မိမိ( မိသားစု) ရဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လှုပ်ရှားရုန်းကန်ရတဲ့အခါ ဇောအရှိန် တစ်ခုက လိုအပ်ပါတယ်။ ခြေလှမ်းတိုင်းမှာ ချွေးကျတာမှန်ပေမယ့် ဒါဟာ မိသားစုရဲ့ ဆာလောင်မှုကို ငြိမ်းသတ်ပေးမယ့် ဆေးတစ်ခွက် ဖြစ်နေတာမို့ ပင်ပန်းလှချည်ရဲ့လို့ ထိုင်ညည်းတွား နေလို့လည်း ဆာလောင်မှုတွေဟာ အဆင်ပြေမသွားနိုင်ပါဖူး။ ဒါကြောင့် ဒီဇောတစ်ခုသာ မရှိရင်တော့…. အရှိန်သေသွားရင်တော့…. သူတို့ရဲ့ ညစာဟာ….။
ဒီအခြေအနေဟာ စာရေးသူကိုလည်း တပ်လှန့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ စာရေးသူတို့ ဘ၀ဟာ သူတို့လောက် ခက်ခဲကြမ်းတမ်းမှု မရှိပေမယ့် လူတိုင်းမှာ သူ့လိုအပ်ချက်နဲ့သူ၊ သူ့ရယူလိုမှုနဲ့သူ ရှိနေပါတယ်။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းရောက်ဖို့ ကြိုးစားကြတဲ့အခါ ခုနက အထမ်းသမားတွေလိုပဲ ခရီးရောက်ဖို့ ပင်ပင်ပန်းပန်းနဲ့ ခြေလှမ်းရသလို စာရေးသူတို့လည်း လိုချင်စိတ်ဇောအဟုန်နဲ့ ကြိုးစားရမှာလို့ သဘောပေါက်မိပါတယ်။
လုံခြုံတဲ့ အိမ်တစ်အိမ်၊ သက်တောင့်သက်သာ ရှိတဲ့အိပ်ရာမှာ အိပ်စက်ရင်း ငါဖြစ်ချင်တဲ့ ရည်မှန်းချက်ကို မရောက်သေးပါလားလို့ ညည်းတွားနေတဲ့သူ၊ သင်တန်းတစ်ခုတက်ဖို့ မနက်အိပ်ရာ စောစောထရတာကို ပင်ပန်းလှချည်ရဲ့လို့ စိတ်ပျက်နေတဲ့သူ၊ လိုအပ်ချက်ကြောင့် ညဥ့်နက်ထိ စာဖတ်ရတာကို ဘ၀ဟာခက်ခဲလှချည်ရဲ့လို့ အောက်မေ့နေတဲ့သူ ကိုယ်ဖြစ်နေသလားလို့ စစ်စစ်ပေါက်ပေါက် တွေးရင်း ကိုယ့်ဘာသာကို ကြိတ်ပြီးရှက်မိပါတော့တယ်။
ဆောင်းပါးလေးကတော့ ဒါပါပဲ…။ ဒါလေးကိုဖတ်လိုက်ရတော့ အတွေးတွေ အများကြီးဝင်လာပါတယ်..။ လူရယ်လို့ ဖြစ်လာခဲ့ရင် “ရည်ရွယ်ချက် ပန်းတိုင်” ဆိုတာတော့ ရှိသင့်တယ်..။ မရှိခဲ့ရင်တော့ အရည်အသွေး မပြည့်မှီတဲ့သူ ဖြစ်သွားလိမ့်မယ်။ လူဆိုတာ နှစ်မျိုးနှစ်စား ရှိတယ်။ “ရည်ရွယ်ချက် ပန်းတိုင်” ကိုသိပြီး မျှော်လင့်နေတာ နဲ့ သိပြီး မရရအောင် ကြိုးစားတာပဲ..။ မျှော်လင့်နေတဲ့သူက ကံတရားကို အားကိုးတဲ့ လူစားဖြစ်ပြီး ၊ မရရအောင်ကြိုးစားသူကတော့ ၀ီရိယကို အားကိုးတဲ့ လူစားပဲ။ လောကမှာ ချမ်းသာသူတွေ၊ အောင်မြင်သူတွေ၊ အထွဋ်အထိပ် ကိုရောက်နေတဲ့သူတွေဟာ ကံကောင်းလို့ရတာထက် ၀ီရိယနဲ့ ကြိုးစားအားထုတ်မှု ကောင်းတဲ့သူတွေဆိုတာ သဘောပေါက် ကွဲပြားသင့်တယ်။ “ကံကောင်းရင် ဘုရားဖြစ်မယ်” ဆိုတာ မရှိဖူး။ “ကြိုးစားရင် ဘုရားဖြစ်နိုင်တယ်” ဆိုတဲ့ စကားပုံပဲရှိတယ်။
ကိုယ့်ရည်မှန်းချက်ကို ဇွဲနဲ့စွဲစွဲမြဲမြဲ လုပ်မယ်ဆိုရင် တစ်နေ့မှာ ဖြစ်ချင်တာ ဖြစ်လာမယ်ဆိုတာ မလွဲပါဖူး။ “ရည်ရွယ်ချက်” ၊ “ရည်မှန်းချက်” ကြီးမားလေလေ.. အခက်အခဲ အတားအဆီး များလေလေ ဖြစ်တယ်။ အဲဒီ အခက်အခဲ အတားအဆီးများကို မြင်နေလျှင် “ပန်းတိုင်” ဆီကို ရောက်တော့မည်မဟုတ်ပေ။
ဆင်းရဲဒုက္ခ အရင်းခံ၍ အနစ်နာခံသူ..၊ အဆက်မပြတ် အားထုတ်သူ… တို့သာလျှင် အောင်မြင်တိုးတက် ကြမည်မှာမလွဲ။ ပြင်းပြတဲ့ “စိတ်ဆန္ဒ” နဲ့ မဖြစ်ဖြစ်အောင် လုပ်မည်ဟူသော “ဇွဲ” ရှိရင် “အောင်မြင်မှု” ဆိုတာလည်း လက်တစ်ကမ်းအလိုမှာ ရှိနေမှာလည်း မုချမလွဲ ဧကန်ပင်။
နှစ်ကူးရဲ့ အတွေးအမြင်လေး ဤတွင် ခဏနားမည်။
No comments:
Post a Comment