Saturday, June 30, 2007

ကြားသိတွေးမိသမျှ

မြန်မာတိုင်းစာစောင်ထဲက အတွေးအမြင် ကဏ္ဍလေးမှာ (မ)ခင်မြတ် ရေးသားခဲ့တဲ့ “ဘ၀ ကပေးတဲ့ဇော” ဆိုတဲ့ ဒီဆောင်းပါးလေးကို ဖတ်မိပြီး နှစ်သက်လို့ ပြန်မျှဝေပေးချင်ပါတယ်..။

ခရီးသည်အတော်များများ အိပ်မောကျနေတဲ့ အချိန်မှာ ကျိုက်ထီးရိုးစေတီရှိရာဆီ ဖြည်းဖြည်းမှန်မှန် မောင်းနှင်နေတဲ့ ကားသမားကိုကြည့်ရင်း အတွေးနယ်ချဲ့မိပါတယ်။ သူသည်လည်းပဲ အိပ်ချင်စိတ်ရှိနေမှာ ဖြစ်ပေမယ့် သူ့ရဲ့ငိုက်မည်းမှုတစ်ချက်မှာ ခရီးသည်များစွာရဲ့ အသက်အိုးအိမ်ဟာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ရှိတာကြောင့် တစ်ယောက်တည်း ညဥ့်ယံကို အန်တုပြီး ခရီးရဲ့ပန်းတိုင်ကို အရောက်သွားလျှက်ရှိပါတယ်။ ဒါကြောင့်လည်း ခရီးသည်တွေကို လိုရာခရီး ချောချောမွေ့မွေ့ အရောက်ပို့ဖို့ဆိုတဲ့ သူ့ရဲ့တာဝန်ကြီးကို ပြီးမြောက်ဖို့ သတိရှိရှိ ကျော်ဖြတ်နေတာပါ။

ကျိုက်ထီးရိုးတောင်ခြေ ရသေ့တောင်စခန်းမှာလည်း တောင်ပေါ်ကဆင်းလာတဲ့ ဘုရားဖူးတွေ ၊ အခုမှတက်မယ့် ဘုရားဖူးတွေ အပါအ၀င် ၀င်ငွေရဖို့ ခရီးသည် အလုအယက် ရှာဖွေနေကြတဲ့ ကားသမားတွေ၊ ကိုယ့်ဆိုင်ထဲ လူဝင်ဖို့ရာ အပြိုင်အဆိုင် ခေါ်နေကြတဲ့ ဈေးသည်တွေ၊ အထမ်းရဖို့ စောင့်နေရတဲ့ အကူအထမ်းသမားတွေနဲ့ ပျားပန်းခပ်မျှ ရှုပ်ထွေးနေပါတယ်။

အဲဒီအထဲမှာ အားအစိုက်ရဆုံး၊ အပင်ပန်းဆုံးက အထမ်းသမားတွေပဲ ဖြစ်ပါတယ်။ အထုပ်အပိုး ငါးအိတ်လောက်ကို ခြင်းကြီးတစ်လုံးထဲထည့်ပြီး တောင်ပေါ်ကို ခြေလှမ်းမှန်မှန်နဲ့ တက်သွားတဲ့ အကူအထမ်းသမားတွေကို တောင်ခြေမှာပဲဖြစ်ဖြစ်၊ တောင်ပေါ်မှာပဲဖြစ်ဖြစ် ဟိုတစ်ကွက် ဒီတစ်ကွက် တွေ့နေရပါတယ်..။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁,၀၀၀ ကျော်ရှိတဲ့ ကျိုက်ထီးရိုးတောင်ပေါ်ကို ဘုရားဖူးတိုင်းလိုလို တောင်ဝှေးအားကိုးနဲ့ ချွေးသီးချွေးပေါက် ပြိုက်ပြိုက်ကျအောင် တက်နေရတဲ့အချိန်မှာ ဒီအထမ်းသမားတွေကတော့ တောင်စောင်းလေးကို မှီပြီးနားလိုက်တက်လိုက် ၀မ်းစာရှာဖွေနေတာ မွန်းမတည့်ခင် အနည်းဆုံး လေးခေါက်လောက်တော့ ရှိပြီတဲ့။

ဒီအကူအထမ်းသမားတွေဟာလည်း အသက်အရွယ်အစုံပါပဲ။ စာရေးသူတို့ တောင်ပေါ် အတက်တစ်ဝက် လောက်ရောက်တော့ ကလေးမလေးတစ်ယောက် ပစ္စည်းတွေပြွတ်သိပ် ထည့်ထားလို့ ဖောင်းကားနေတဲ့ ခရီးဆောင်အိတ်ကြီးနှစ်လုံး ထည့်ထားတဲ့ ခြင်းတောင်းကြီး ကိုထမ်းရင်း ဘယ်ညာမတိမ်းအောင် ခြေကိုဆပြီး လှမ်းလာနေတာကိုလည်း တွေ့ရပါတယ်။

စာရေးသူတို့ကားက ယာဉ်မောင်းသမားကြီး အပါအ၀င် တောင်ပေါ်ကို ခေါက်တုန့်ခေါက်ပြန် သွားနေတဲ့ အကူအထမ်းသမားတွေရဲ့ လှုပ်ရှားမှုကို မြင်ရတဲ့အချိန်မှာ စာရေးသူ နားလည်လိုက်မိတာကတော့ မိမိရဲ့ဘ၀အခြေအနေကပေးတဲ့ “ ဇော ” ဆိုတဲ့ အဓိပ္ပါယ် ကိုပါပဲ။

ဒီမြင့်မားလှတဲ့ တောင်ကြီးတွေကို အမှုမထားနိုင်ဘဲ မိမိ( မိသားစု) ရဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လှုပ်ရှားရုန်းကန်ရတဲ့အခါ ဇောအရှိန် တစ်ခုက လိုအပ်ပါတယ်။ ခြေလှမ်းတိုင်းမှာ ချွေးကျတာမှန်ပေမယ့် ဒါဟာ မိသားစုရဲ့ ဆာလောင်မှုကို ငြိမ်းသတ်ပေးမယ့် ဆေးတစ်ခွက် ဖြစ်နေတာမို့ ပင်ပန်းလှချည်ရဲ့လို့ ထိုင်ညည်းတွား နေလို့လည်း ဆာလောင်မှုတွေဟာ အဆင်ပြေမသွားနိုင်ပါဖူး။ ဒါကြောင့် ဒီဇောတစ်ခုသာ မရှိရင်တော့…. အရှိန်သေသွားရင်တော့…. သူတို့ရဲ့ ညစာဟာ….။

ဒီအခြေအနေဟာ စာရေးသူကိုလည်း တပ်လှန့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ စာရေးသူတို့ ဘ၀ဟာ သူတို့လောက် ခက်ခဲကြမ်းတမ်းမှု မရှိပေမယ့် လူတိုင်းမှာ သူ့လိုအပ်ချက်နဲ့သူ၊ သူ့ရယူလိုမှုနဲ့သူ ရှိနေပါတယ်။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းရောက်ဖို့ ကြိုးစားကြတဲ့အခါ ခုနက အထမ်းသမားတွေလိုပဲ ခရီးရောက်ဖို့ ပင်ပင်ပန်းပန်းနဲ့ ခြေလှမ်းရသလို စာရေးသူတို့လည်း လိုချင်စိတ်ဇောအဟုန်နဲ့ ကြိုးစားရမှာလို့ သဘောပေါက်မိပါတယ်။

လုံခြုံတဲ့ အိမ်တစ်အိမ်၊ သက်တောင့်သက်သာ ရှိတဲ့အိပ်ရာမှာ အိပ်စက်ရင်း ငါဖြစ်ချင်တဲ့ ရည်မှန်းချက်ကို မရောက်သေးပါလားလို့ ညည်းတွားနေတဲ့သူ၊ သင်တန်းတစ်ခုတက်ဖို့ မနက်အိပ်ရာ စောစောထရတာကို ပင်ပန်းလှချည်ရဲ့လို့ စိတ်ပျက်နေတဲ့သူ၊ လိုအပ်ချက်ကြောင့် ညဥ့်နက်ထိ စာဖတ်ရတာကို ဘ၀ဟာခက်ခဲလှချည်ရဲ့လို့ အောက်မေ့နေတဲ့သူ ကိုယ်ဖြစ်နေသလားလို့ စစ်စစ်ပေါက်ပေါက် တွေးရင်း ကိုယ့်ဘာသာကို ကြိတ်ပြီးရှက်မိပါတော့တယ်။

ဆောင်းပါးလေးကတော့ ဒါပါပဲ…။ ဒါလေးကိုဖတ်လိုက်ရတော့ အတွေးတွေ အများကြီးဝင်လာပါတယ်..။ လူရယ်လို့ ဖြစ်လာခဲ့ရင် “ရည်ရွယ်ချက် ပန်းတိုင်” ဆိုတာတော့ ရှိသင့်တယ်..။ မရှိခဲ့ရင်တော့ အရည်အသွေး မပြည့်မှီတဲ့သူ ဖြစ်သွားလိမ့်မယ်။ လူဆိုတာ နှစ်မျိုးနှစ်စား ရှိတယ်။ “ရည်ရွယ်ချက် ပန်းတိုင်” ကိုသိပြီး မျှော်လင့်နေတာ နဲ့ သိပြီး မရရအောင် ကြိုးစားတာပဲ..။ မျှော်လင့်နေတဲ့သူက ကံတရားကို အားကိုးတဲ့ လူစားဖြစ်ပြီးမရရအောင်ကြိုးစားသူကတော့ ၀ီရိယကို အားကိုးတဲ့ လူစားပဲ။ လောကမှာ ချမ်းသာသူတွေ၊ အောင်မြင်သူတွေ၊ အထွဋ်အထိပ် ကိုရောက်နေတဲ့သူတွေဟာ ကံကောင်းလို့ရတာထက် ၀ီရိယနဲ့ ကြိုးစားအားထုတ်မှု ကောင်းတဲ့သူတွေဆိုတာ သဘောပေါက် ကွဲပြားသင့်တယ်။ “ကံကောင်းရင် ဘုရားဖြစ်မယ်” ဆိုတာ မရှိဖူး။ “ကြိုးစားရင် ဘုရားဖြစ်နိုင်တယ်” ဆိုတဲ့ စကားပုံပဲရှိတယ်။

ကိုယ့်ရည်မှန်းချက်ကို ဇွဲနဲ့စွဲစွဲမြဲမြဲ လုပ်မယ်ဆိုရင် တစ်နေ့မှာ ဖြစ်ချင်တာ ဖြစ်လာမယ်ဆိုတာ မလွဲပါဖူး။ “ရည်ရွယ်ချက်” ၊ “ရည်မှန်းချက်” ကြီးမားလေလေ.. အခက်အခဲ အတားအဆီး များလေလေ ဖြစ်တယ်။ အဲဒီ အခက်အခဲ အတားအဆီးများကို မြင်နေလျှင် “ပန်းတိုင်” ဆီကို ရောက်တော့မည်မဟုတ်ပေ။

ဆင်းရဲဒုက္ခ အရင်းခံ၍ အနစ်နာခံသူ..၊ အဆက်မပြတ် အားထုတ်သူ… တို့သာလျှင် အောင်မြင်တိုးတက် ကြမည်မှာမလွဲ။ ပြင်းပြတဲ့ “စိတ်ဆန္ဒ” နဲ့ မဖြစ်ဖြစ်အောင် လုပ်မည်ဟူသော “ဇွဲ” ရှိရင် “အောင်မြင်မှု” ဆိုတာလည်း လက်တစ်ကမ်းအလိုမှာ ရှိနေမှာလည်း မုချမလွဲ ဧကန်ပင်။


နှစ်ကူးရဲ့ အတွေးအမြင်လေး ဤတွင် ခဏနားမည်။

Read More...

Tuesday, June 26, 2007

ခဲပန်းချီအကြောင်း ( ၈ )

ကဲ ဒီတစ်ခါလည်း ကိုယ်တိုင်ဆွဲထားတဲ့ figure ပုံလေးတွေပဲထပ်ပြအုံးမယ်နော်..။ ပုံတွေက Texture ပိုင်းမှာ အားနည်းနေပါသေးတယ်..။ Tone ပြည့်အောင် ရဲရဲတင်းတင်း မဖြည့်ရဲသေးဖူး။ ဒီပုံတွေကတော့ ပန်းချီစာအုပ်ထဲက သူများ Tone ခွဲထားပြီးသား ပုံလေးတွေ ကြည့်ပြီး လေ့ကျင့်ထားတဲ့ပုံတွေပါ..။ စစဆွဲခြင်းမှာတုန်းကတော့ ပုံတွေက Tone မပြည့်ဖူး။ မှုန်မှုန်လေးပါပဲ။ အနည်းဆုံးတော့ ၂ ToneTone လောက်တော့ ရှိသင့်တယ်။ ဒါကလည်း ဆရာပြောပြချက်ပါ။ ဆရာက ပြောလည်းပြော ပြင်လဲပြင် လိုက်ပါတယ်..။ ကိုယ်ဆွဲထားတဲ့ ပုံဆိုတော့ ကိုယ့်ဘာကိုယ်တော့ အပြစ်ကရှာလို့ မတွေ့ပါဖူး..။ လှနေတာပဲ။ ဒါပေမယ့် အခုလိုဆရာက အမှားတွေ ပြင်လိုက်တော့လည်း ပုံတွေက Tone ပြည့်ပြီးတော့ ရုပ်လုံးပိုပေါ်လာတယ်။

ဩော်…စကားမစပ်.. ဆရာမက ပန်းချီနဲ့ပတ်သတ်တဲ့ အခြေခံသဘောတရားလေးတွေ ပြည့်စုံပြီလို့ သတ်မှတ်လို့ နှစ်ကူးတို့ကို ဆရာနဲ့မိတ်ဆက်ပေးပါတယ်..။ စနေ၊ တနင်္ဂနွေ မှာတက်ရောက်ကျတဲ့ သင်တန်းသားတွေကို ဆရာက ပန်းချီနဲ့ပတ်သတ်တဲ့ အယူအဆတွေ ဆက်လက်သင်ပေးသွားမှာ ဖြစ်တဲ့အကြောင်းပြောပါတယ်။ ဆရာကိုမြင်တော့ တော်တော်လေး ကြောက်သွားခဲ့တယ်။ ဆရာပုံသဏ္ဍာန်က အရပ်ထောင်ထောင်မောင်းမောင်း ၊ မျက်နှာမှာ မုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးတွေ များနဲ့အတူ ဂုတ်ပေါ်မှာ ၀ဲကျနေသော အဖြူ အနက် ပေါင်းလျှက် ဆံပင်ကောက်ကောက် များနှင့်ဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အကြောင်းကို အပြင်ပုံပန်းသဏ္ဍာန်ကြည့်ပီး ဆုံးဖြတ်ချက်ချလို့မရနိုင်ဖူးဆိုတာ… သင်တန်းကာလ ကြာလာတာနဲ့အမျှ တဖြေးဖြေး သဘောပေါက်လာပါတယ်။ ပန်းချီအကြောင်းပြောနေလျှင် အချိန်နာရီတွေ မေ့နေတတ်သော၊ ကျောင်းသားတွေပေါ်မှာ စိတ်ရှည်သီးခံတတ်သော ဆရာကို လေးစားလာပါတယ်။ ဒါဟာ ဆရာရဲ့အကြောင်း တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။

ဒီပုံနှစ်ပုံက ပုံကြမ်းကောက်ထားတဲ့ပုံ နဲ့ Tone ဖြည့်ပြီးသားပုံပါ...။





ဤနေရာတွင် ခဲပန်းချီအကြောင်း ခဏနားဦးမည်...။

နှစ်ကူး

Read More...

Monday, June 25, 2007

ခဲပန်းချီအကြောင်း ( ၇ )

ဒီနေ့တော့ နှစ်ကူးဆွဲထားတဲ့ ပန်းချီပုံလေးတွေပဲ post တင်ထားအုံးမယ်..။ နောက်ရက်တွေကြရင် ဆွဲထားတဲ့ ပန်းချီအကြောင်းလေးတွေ ထပ်ပြောတာပေါ့…။ စာရေးတဲ့ အရေးအသားဘက်မှာ အားနည်းတော့ ဘယ်ကစပြီး ဘယ်လိုရေးရမလဲ အတော်စဉ်းစားနေတာနဲ့ ခဲပန်းချီအကြောင်း post သစ်မတင်ဖြစ်တာ တော်တော်ကြာသွားတယ်..။

ဒီပုံလေးက figure ပုံတွေဆွဲကြည့်မယ်ဆိုပီး အပြင်က ညီမကို model ထိုင်ခိုင်း သူ့ကို ကြည့်ဆွဲထားတာ..။ ပုံကြမ်းတော့ ကောက်လို့ရပါရဲ့ Tone မဖြည့်တတ်လို့ ဒီတိုင်းထားထားတာ။ နောက်ရက် သင်တန်းကို ရောက်တော့ teacher ကို ပြလိုက်တော့ teacher က သင်တန်းသားတစ်ယောက် ဆွဲထားတဲ့ မျက်နှာပုံလေးကိုပြတယ်..။ အားပါး.. စိတ်ကူးနဲ့ ဆွဲထားတဲ့ အမျိုးသမီးတစ်ယောက်ပုံက တော်တော်အသက်ဝင်တယ်..။ အဲဒီသင်တန်းသား ကလဲ ဒီလို ပုံပေါင်း အများကြီး လေ့ကျင့်ပီးမှ နောက်ဆုံးဒီလို အချိုးကျကျ ထွက်လာတာပါ..။ “ ဒီတော့ နှစ်ကူးရေ… အားမလျှော့နဲ့ ” လို့ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ အဲဒီနေ့ကတည်းက figure တွေစဆွဲရတော့တယ်..။ အဲဒီပုံလေးတွေကတော့ နောက်ရက်ကြမှနော်.. :P

ဒီနှစ်ပုံက Teacher ပြတဲ့ သင်တန်းသားတစ်ယောက်ရဲ့ ပုံလေးနှစ်ပုံပါ။။









ဤနေရာတွင် ခဲပန်းချီ အကြောင်း ခဏနားဦးမည်။







Read More...

Thursday, June 21, 2007

မိုးရွာသော...တစ်နေ့... မန္တလေးပုံရိပ်

တတ်ကုန်ကြပြန်ပီ.. အဒူခြေမကိုစချိုးရမလဲ…အဲ..မှားလို့ ဘယ်ကနေစပီး မိုးရွာရင် ကောင်းပ!! ..မိုး…မိုး…မိုး… ဘယ်လိုရွာရင်ကောင်းမလဲ…။ အဲ တိပီ.. “ သင်္ကြန်မိုး ” … ဟုတ်ပီ .. သင်္ကြန်မိုး နဲ့စရွာလိုက်တော့မယ်နော်..။ မန်းလေးမိုးလို့ ဆိုလိုက်ရင် ဂန္တ၀င်ရုပ်ရှင်ကားကြီး တစ်ကားဖြစ်တဲ့ “ သင်္ကြန်မိုး ” ၊ မန္တလေးမြို့ရဲ့ အငွေ့အသက်တွေ လွှမ်းထုံနေတဲ့ ဟောဒီ ။ “ သင်္ကြန်မိုး ” ကို မေ့ထားလို့ မဖြစ်သလို.. ၊ တစ်နှစ်မှ တစ်ခါသာပွင့်ဖူးသော သင်္ကြန်ရဲ့ သင်္ကေတဖြစ်တဲ့ ပန်းပိတောက် ကိုဖူးပွင့်စေသောမိုး။ ဤမိုးကို “ သင်္ကြန်မိုး ” ဟုခေါ်၏။

~~ ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ ပွဲမှာ
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေလဲ…
ရာသီချိန်မှီ လန်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင်လှသတဲ့ တင့်မှာမို့ ..
မိုးပြေးနဲ့ အရောက်လာ ပန်းပွင့်ဖို့ရာ..
မြူးကြွတဲ့ သင်္ကြန်အခါ..
လန်းဆန်းတဲ့ မိုးရယ်… မိုးပြေးလေးရေ….
ပိတောက်ပန်းပွင့်ရုံစိုရုံ… ဖြန်းပက်အုံး.. ~~

ဒီသီချင်းလေးဟာ အဆိုတော် မင်းသားကြီး ဦးဇော်ဝမ်း က ပိတောက်ပန်း ပွင့်ရုံ ၊ စိုရုံ ဖြန်းပက်ဖို့သာ သီဆိုခဲ့ပေမယ့် လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်လောက်ကတော့ “ မိုးပြေးလေး ” က သူနဲ့ အတူ “ လေမုန်တိုင်းလေး ” ကိုပါ ခေါ်လာတော့ မဏ္ဍာပ်တွေ ပြိုလုလု ဖရိုဖရဲတွေ ဖြစ်ကုန်ခဲ့ပါတယ်…။ မဏ္ဍာပ်ရှင်တွေ ထိုင်ငိုရခဲ့ရတဲ့နှစ်လို့ ခေါ်လို့ရတဲ့ နှစ်လို့ဆိုရင်လဲ မမှားနိုင်ပါဖူး။ မည်သို့ပင် ဆိုစေကာမူ မဏ္ဍာပ်ရှင်များ အပါအ၀င် မြန်မာပြည်အနှံ့ မှာရှိတဲ့ လူအတော်များများက “ သင်္ကြန်မိုး ” ကို စောင့်မျှော်နေမယ်ဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။ ( ရာသီဥတု ကလည်းပူတာကိုး .. မီးမမှန်တော့ သဘာဝက အလကားပေးထားတဲ့ အဲယားကွန်းကို တောင့်တတာ ဆန်းပါဖူးနော်… :P )
မိုး ကိုအမျှော်ကြီးမျှော် ကြတဲ့သူတွေထဲမှာ ကလေးတွေက ထိပ်ဆုံးကဖြစ်မယ်။ ဟိုး..ငယ်ငယ်တုန်းက ၄ တန်းနှစ်လောက်မှာ … မိုးစွေလိုက်ပုံများ နေ့တိုင်း မိုးအရမ်းရွာတော့ စာသင်ခန်းထဲ ရေတွေဝင်လို့် ကျောင်းခဏပိတ်ထား ရတဲ့အထိပဲ။ နွေရာသီ ကျောင်းပိတ်ရက် အပြင် မိုးရာသီ ကျောင်းပိတ်ရက် ထပ်တိုးသွားတာပေါ့။ ကျူရှင်လဲမသွားရ ၊ ကျောင်းကလဲ ခဏပိတ်ထား ဆိုတော့ ကလေးအတွေးနဲ့ အရမ်းကို ပျော်ခဲ့ဖူးတယ်။ အဲဒီ အကျင့်ကတော့ အရိုးစွဲသွားပီ… ကြီးတဲ့အထိ ပါလာခဲ့တယ်..။ ( မိုးရွာရင် reason မလိုပဲ ကျောင်းပျက်လို့ရတယ်လို့ )…။ ဟ…ဟ..။ အိမ်စာတွေ မပီးသေး ၊ စာကလည်း မရသေးတဲ့ ကလေးတစ်ယောက်က ကျောင်းသွားချိန်မှာ မိုးသည်းသည်းရွာလိုက်ရင် သူ့အတွက်ကတော့ ထီသိန်းဆုကြီး ပေါက်သွားခြင်းပဲ။ သူငယ်ချင်းတို့ရော ငယ်ငယ်တုန်းက မိုးရွာတာကို နှစ်သက်ကြလား?? ကျောင်းပျော်တဲ့ သူကတော့ .. ငြင်းမှာပေါ့ “ဟင့်အင်း” လို့။
တစ်ချို့ဘောလုံး ၀ါသနာအိုးတွေကလည်း မိုးရွာတာနဲ့ ဘောလုံးပိုက်ပီး လမ်းထိပ်ရောက်နေပီ။ အင်း…ဒီလို.. ၀ါသနာကြီးသူတွေထဲက လက်ရွေးစင် ဘောလုံးသမားတွေ ဖြစ်မသွားနိုင်ဖူး ပြောလို့မရဖူးလေ… ဒီလို.. မိုးထဲ လေထဲ training ဆင်းခဲ့ရတော့ ပြိုင်ပွဲမှာ ကွင်းထဲမိုးရွာလို့ကတော့ တစ်ပန်းသာပီ..။ ( ဖြစ်နိုင်မယ်ထင်ဒါဘဲ..။ အဟိ.. )
အဲ…ရှိသေးတယ်..။ မိုးရွာပြီ ဆိုတာနဲ့ မိုးရေချိုးမယ်လို့ ပူဆာတာလဲ .. ကလေးတွေပဲ ..။ အိမ်ကလူကြီးတွေက မီးစိမ်းပြလိုက်တာနဲ့ .. “ ဟေး ” ခနဲ့ ပြေးထွက်သွားတာ နောက်က မှာတမ်းတွေတောင် ဆုံးအောင်နားမထောင်ဖူး..။ မိုးတိတ်သွားရင် မိုးပြန်ခေါ်လို့ မရနိုင်ဖူးလေ…။ အိမ်ရှေ့ ပက်လက်ဖောင်း လူသွားလမ်းပျောက်ပြီး ရေပြင်ကြီး ဖြစ်သွားလို့ကတော့ လက်ပစ်ကူးပီးသားပဲ။ ( ရေကူးချန်ပီယံတွေများ ဖြစ်သွားမလားပဲ ... ) ဗွက်ရေ၊ မြှောင်းရေ ဘာမှမစဉ်းစားပဲ ပတ်ဝန်းကျင်ကို မေ့ပီး ပျော်နေလိုက်ကြတာ။ ပါးစပ်ထဲရေ၀င်မှာတော့ စိုးရိမ်ပုံနဲ့ ပါးစပ်လေးတွေကို အတင်းပိတ်ပီး ရေထဲမှာ “ တစ်ဗွမ်း…ဗွမ်း ” နဲ့။ သူတို့ ပျော်နေကြတာကိုကြည့်ပီး ကိုယ့်ဆီတောင် အပျော်တွေကူးလာတယ်…။ ရွှေလိုဥပီး ပိုးမွေးသလို မွေးထားတဲ့ ကလေးများကြတော့ ခြူခြာလိုက်ပုံများ …။ နှစ်ကူး ငယ်ငယ်တုန်းကတော့ မိုးရွာရင် ကုတင်အောက်တွေ ၀င်ပုန်းရတာ သဘောကျတယ်…။ ကြောက်လို့မှုတ်ဖူး.. အဲဒါ ပျော်လို့ ..ဟိ..ဟိ…( တစ်ညိုးရီးပဲနော်.. )
မိုးရွာတာကို အိမ်ထဲကနေ ထိုင်ကြည့်ရတာလည်း… အရသာတစ်မျိုးပဲ..။ မိုးရေထဲမှာ ကြွက်စုတ်လေးတွေ ဖြစ်နေတဲ့သူတွေ ၊ ဆိုင်ကယ်ပျက်လို့ တွန်းနေတဲ့သူတွေ ၊ ကားပျက်လို့ လမ်းဘေးမှာ ရပ်ထားရတဲ့သူတွေ ဒါတွေကတော့ မရိုးနိုင်တဲ့ မြင်ကွင်းတွေပါ။ ( ဪ… သူများတွေမှ စိတ်ညစ်နေပါဒယ်ဆိုမှ နှစ်ကူးတစ်ယောက်ကတော့ အားမနာပ ကြည့်နေလိုက်တာ ) ။ ကိုယ်တိုင်လဲ ဒါမျိုး ကြုံဖူးတာပေါ့။ သူငယ်ချင်းတွေ စုပီး ဆိုင်ကယ်နဲ့ လျှောက်လည်တုန်းက လမ်းမှာမိုးမိရော။ လျှောက်လည်တာဆိုတော့ ရှိုးအပြည့်ပေါ့။ မကြာပါဖူး.. မိုးမိတော့ ကြွက်စုတ်လေးဖြစ်သွားတယ်..။ ကျောပိုးအိတ်က မိုးကာသား ဆိုပေမယ့် အထဲက ပစ္စည်းတွေမိုးစိုကုန်မှာ စိုးလို့ ဆိုင်ကယ်ကို အရှိန်မြှင့် လိုက်ပြန်တော့လည်း မိုးသီးမိုးပေါက်တွေက မျက်နှာကို ခဲနဲ့ပစ်ပေါက်လိုက်သလားပဲ။ ချမ်းလိုက်တာများ အရိုးကွဲမတတ်။ ချမ်းလွန်းလို့ သွားချင်းရိုက်တာ ပါးတွေလဲညောင်းလို့...။ မိုးမိတဲ့ အရသာကို တော်တော်လေး စိတ်ကုန်သွားတယ်။ အိမ်ကို ရောက်တော့ ရေစိုဝတ်တွေ ချက်ချင်းလဲပီး စောင်ထဲမှာ ကွေးပလိုက်တော့လည်း ဇိမ်ကျလိုက်ပုံများ… ဟ… ဟ.. ။ ဒီလိုတော့လည်း မိုးမိလာတာ တော်တော်ကောင်းသလိုလိုပဲနော်.… :P
ကဲ နှစ်ကူးတစ်ယောက်တော့ မိုးရွာပီးပီ…။ ထူးထူးခြားခြား ဒီနေ့ည ၉ နာရီခွဲ လောက်မှာ မစို့မပို့ မိုးလေးရွာလိုက်သေးတယ်…။ မိုးရွာတော့ မီးပါပျက်သွားတယ် …။

မီးဘာကြောင့် ပျက်ရတယ် … မိုးရွာလို့ ပျက်ရတယ်… ၊
မိုးဘာကြောင့်ရွာရတယ် … နှစ်ကူး ရွာလို့ လိုက်ရွာတယ်..။
နှစ်ကူး ဘာကြောင့် မိုးရွာတယ်… ၊ ဖိုးချမ်း Tag လို့ ရွာရတယ်..။
ဖိုးချမ်းဘာကြောင့် Tag ရတယ်… ၊ Tag ချင်လို့ Tag ပါတယ်..။

ကဲ နှစ်ကူးကလည်း အ Tag မခံရသေးသူများကို ထပ် Tag လိုက်မယ်… အပ်ချလောင်းးးး….

မစု
ဆရာစစ်ကိုင်း

Read More...

Thursday, June 14, 2007

ကျောက်နဂါး သို့တစ်ခေါက်…

ကျောက်နဂါး သို့တစ်ခေါက်…
ဒီတစ်ခါ စဉ်းစားမိတာက ကိုယ်ကိုယ်တိုင် ရောက်ခဲ့ဖူးတဲ့ လူသိမများသေးတဲ့ နေရာဒေသ တစ်ချို့အကြောင်းကို post တင်ရင်ကောင်းမယ်ဆိုပြီး ၂၀၀၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့က သွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆင်ဂေါင်းတောင်က “ ကျောက်နဂါး ” သွားခဲ့တာကို သတိရလိုက်တယ်။ အဲဒီ “ ကျောက်နဂါး ” ကို ကိုယ်ကိုယ်တိုင် ကလည်း သူများညွှန်လို့ ရောက်ခဲ့တာဆိုတော့…။ ကျန်တဲ့ မသိသေးသူများ အတွက်ကိုလည်း ရည်ရွယ်ပြီး ဒီ Post လေးကို တင်ဖြစ်ခဲ့တာပါ….။
နှစ်စဉ် အခါကြီးရက်ကြီး များဖြစ်တဲ့ သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ ၊ ၀ါဆိုလပြည့်နေ့ ၊ သီတင်းကျွတ်လပြည့်နေ့ ၊ တန်ဆောင်မုန်းလပြည့်နေ့ နဲ့ တရုတ်နှစ်သစ်ကူးနေ့ တွေလို နေ့မျိုးတွေဆို မာမားက နှစ်ကူးတို့ မောင်နှစ်မ တစ်စုနဲ့အတူ၊ သူ့အစ်မ မိသားစု၊ ယောင်းမမိသားစုတွေနဲ့ စုပြီး မန္တလေးမြို့ အနီးအနားတစ်ဝိုက် ခရီးတိုလေးတွေ ထွက်ဖြစ်ကြတယ်။ အမြဲတမ်း သွားဖြစ်တဲ့ နေရာတွေကတော့ စစ်ကိုင်းဘက်က ကံတလူ၊ ကောင်းမှုတော်ဘုရား၊ ပတ္တမြားစေတီ၊ ဆွမ်းဦးပုညရှင်… စသဖြင့်ပေါ့လေ…။
ပြီးခဲ့တဲ့ ၂၀၀၅ တန်ဆောင်မုန်းလပြည့် နေ့ကတော့ မုံရွာကအဒေါ် ( အမေ့ရဲ့အမ ) က မိုးပေါ်ကျကထိန်ခင်းဖြစ်ရင် မန္တလေးကို လာခဲ့မယ်တဲ့။ နှစ်ကူးတို့ မိသားစုတွေက အဲလိုမိုးပေါ်ကျ ကထိန်ခင်းပြီးတိုင်း တစ်နေရာရာကို ဘုရားဖူးသွားနေကြဆိုတော့ အဲဒီနှစ်ကလည်း ကထိန်ခင်းပြီးတာနဲ့ ဘယ်ကိုသွားကြမလဲလို့ လူကြီးတွေက တိုင်ပင်ကြတော့ မြင်းမူဘက်မှာရှိတဲ့ “ ကျောက်နဂါး ” သွားမယ်ဆိုပဲ။ အဲဒီ “ ကျောက်နဂါး ” ကို ဘယ်ကဘယ်လိုသိပြီး သွားကြတာလဲတော့သိဖူး။ ( မရောက်ဖူးသေးတဲ့ နေရာကိုသွားရမှာဆိုဒေါာ့ ပျော်နေတာပဲ သိဒယ်။ ဟိ..ဟိ..)
အခုရေးထားတဲ့ ခရီးစဉ်က ၂၀၀၅ တုန်းက သွားခဲ့တာဆိုတော့ တဖြည်းဖြည်းချင်း စဉ်းစားပြီး ရေးရတော့ ခရီးသိပ်မတွင်ဖူး..။ မှတ်မိသလောက်ကတော့ အဲဒီကို နေ့ချင်းပြန်သွားတာရယ်၊ အသွားမှာ ကားဘီးပေါက်လို့ ကားကြုံလိုက်ပြီး ဘီးဖာတုန်း သူများယာခင်းဘေးမှာ ခင်းကျင်းပြီး နေ့လည်စာ စားခဲ့ရတာတွေတော့ တန်းမှတ်မိလိုက်တယ်။ ကထိန်ခင်းတဲ့လဆိုတော့ အဲဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကထိန်လာခင်းတဲ့ သူတွေနဲ့လည်း စည်စည်ကားကား ဖြစ်နေတယ်။
“ ကျောက်နဂါး ” ရဲ့ဖြစ်စဉ် နဲ့ ရည်ရွယ်ချက်လေးကို အဲဒီက ယူလာခဲ့တဲ့ လက်ကမ်းစာစောင်လေး ထဲကတစ်ဆင့် ကူးယူဖော်ပြ ပေးလိုက်ပါတယ်။
“ ဆင်ဂေါင်းတောင် အနောက် ၊ ကျောက်မျက်ကရေပေါ်
“၀”ဘုရားခြေအောက် ၊ နဂါးရေသောက် ”
ရှေးလူကြီးသူမများ ထပ်ဆင့်စကားအရ၊ မြောင် ( ဆင်ဂေါင်းတောင် ) တွင် ဤတစ်ဘောင် ပေါ်ခဲ့ဖူးသည်ဟူ၏။ ကြားဖူးသူရှိသလို ၊ မကြားဖူးသူလည်း ရှိပါမည်။
တိုက်ဆိုင်သည်ဟုဆိုလိုက ဆိုနိုင်ပါသည်။ ဦးရဲမြင့် ( M.P.P.E ) ဦးဆောင်သော နေလကမ္ဘာနယ်လှည့် သာသနာ့အကျိုးဆောင်အဖွဲ့ ရောက်ရှိလာပြီး ငွေကျပ်သိန်း ၂၀ ခန့် လှူဒါန်း၍ ဆင်ဂေါင်းတောင် အနောက်တောင်ဘက် တောင်စွယ်ပေါ်တွင် “၀” ဘုရားတည်ပါသည်။ အနောက်ဘက် ကျောက်ကျစ်တောင်ကျောထိပ်တွင် ဗိုလ်ကြီးခင်မောင်ဦး မိသားစု ( M.P.P.E ) မှ ငွေကျပ် ၁၀ သိန်းခန့် လှူဒါန်း၍ PH ( 7.4 ) အဆင့်ရှိ ရေချိုရေသန့် ထွက်အောင် စက်တွင်းတစ်တွင်း တူးပေးပါသည်။ သို့ဖြင့် တစ်ဘောင်ပါ ၊ “ ကျောက်မျက်ကရေပေါ် ‘၀’ဘုရား ” ဟူသော အကြောင်းအရာ နှစ်ရပ် ပြည့်စုံခဲ့လေ၏။
၉ လ ခန့်ကြာသော် ‘၀’ဘုရားအစောင့်တဲနေ ဦးညိုသည် အချို့သော လပြည့်လကွယ် ညများတွင် ‘၀’ဘုရား၏ စနေထောင့် အောက်ခြေချပ်ကြားကြီးထဲမှ သတ္တ၀ါဟိန်းသံကြီး ကြားရကြောင်း ဦးဟန်တင်ထံ သတင်းပို့ပြီး၊ ကျန်းမာရေး အကြောင်းပြခါ ပြောင်းရွှေ့သွားတော့၏။
များမကြာမှီ ဆေးသဲ့တောင်ဆရာတော်ကြီး ဦးတေဇနှင့် သားတပည့် ဦးသိန်းလွင် ( ငွေငန်းဖြူ ဟော်တယ်၊ မန္တလေး ) တို့ရောက်လာပြီး အဘဘိုးမင်းခေါင် ထီးကြီးအောက်တွင် ထိုင်နေပုံပြုလုပ်ရန် ငွေကျပ် ၁၀ သိန်းလှူဒါန်းလေသည်။
သို့ဖြင့် ဦးဟန်တင်သည် ‘၀’ဘုရားအောက်ခြေ ဟိန်းသံကြီးများလာရာ ချပ်ကြားကြီး၏ ရေစီးချောင်းတွင် ၂ ပေခန့် ကန့်လန့်ခံ၍ပေါ်နေသော ကျောက်တုံးကြီးအား အဘဘိုးမင်းခေါင် ထိုင်မည့် ကျောက်ဖျာလုပ်ရန် ရည်သန်၍ တူးဖော်ကြည့်ရာ အင်ကြင်းကျောက်ပင်စည်ကြီး ဖြစ်နေကြောင်း တွေ့ရှိ၏။ သို့သော် နှမြောသဖြင့် မဖြတ်တောက်လိုသည့်အတွက် လက်ယက်မကျေးရွာနေ ဦးလှဝင်းအောင် နှင့် အဖွဲ့၏ ကျပ်တစ်သိန်းတန် လုပ်အားဒါနဖြင့် သဲတောင်ချပ်ကြားကြီးအတွင်း ဆက်လက်တူးဖော်ကြရာ ပေ၃၀ ကျော်ခန့် အထိ ရောက်ရှိသော်လည်း အရင်းအဖျားမပေါ်သေး၍ ရပ်ထားလိုက်ရသည်။
တစ်ညတွင် မြည်ဟိန်းသံကြီးနှင့်အတူ ချပ်ကြားသဲကမ္ဘာရံကြီး ပြိုကျသံကြားရပြီး နံနက်ခင်း၌ သွားရောက်ကြည့်ရှု ကြသောအခါ အင်ကြင်းကျောက်ပင်ကြီး အရင်းပိုင်း သစ်မြစ်ဆုံကြီးဘက်ဆီသို့ ရောက်အောင် ပေ ၂၀ ခန့် သဲလိုဏ်ခေါင်းကြီး ပြို၍ အင်ကြင်းသစ်မြစ်ဆုံကြီး တစ်ပိုင်းတစ်စ ပေါ်နေသည်ကို တွေ့ရှိရသည်။
သဲများယက်၍ အင်ကြင်းကျောက် သစ်မြစ်ဆုံကြီးအား တူးဖော်ကြည့်ရာ သတ္တ၀ါတစ်ကောင်၏ ဦးခေါင်းပုံသဏ္ဍာန် ဟန်ပန်ပေါ်နေ၏။ ထို့ကြောင့် သစ်မြစ်ဆုံကြီး၏ အင်ကြင်းကျောက်အစအန များကိုကောက်ယူ၍ ဆက်စပ်ကြည့် လိုက်သောအခါ နဂါးခေါင်းကြီး သဏ္ဍာန်ပုံပေါ်လာတော့၏။
သုံးရက်ခန့်အကြာတွင် ပြည်မြို့ မယ်တော်ကြီးဒေါ်သိန်းတင် နှင့် သားတပည့် မကွေးမြို့နေ ဦးအေးကို + ဒေါ်တင်တင်ဝင်း ( စွယ်တော်ဖူး - သယ်ယူပို့ဆောင်ရေး ) တို့က ငွေကျပ် ၁၀ သိန်း လှူဒါန်ပြီး အမြီးပိုင်း ၅ ပေ ခန့် ဆက်လက်တူးဖော်၍ ကျောက်နဂါး ဦးခေါင်းပိုင်းပေါ်တွင် နေလဓါတ်ပေါင်းစေတီ တည်ပါသည်။
ဝန်ကြီးခရီးစဉ်နှင့် လမ်းကြုံနေ၍ ရောက်ရှိလာသော ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ကြည်အောင်က အရှည် ၅၅ ပေ ရှိ ယင်းအင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းသည် လွန်ခဲ့သော နှစ်ပေါင်း လေးသန်းခန့်ကဟု အတည်ပြုပေးပြီး၊ ထိမ်းသိမ်းရန် တရားဝင်လမ်းညွှန် ဆောင်ရွက်ပေးသည်။
သို့ဖြင့် ရာသီဥတုဒဏ် ကာကွယ်ရန် မုံရွာမြို့ ချင်းတွင်းမင်းသမီး ( ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေး ) မှ ဦးတိုက်အောင် + ဒေါ်ခင်စန်းဝင်း တို့မှ ငွေကျပ် ၁၀ သိန်း လှူဒါန်းပြီး အမိုးပိုင်းကို တက်အားသ၍ ဆောင်ရွက်ပေးပါသည်။
စိုက်ပျိုးရေးဝါသနာရှင်တစ်ဦးကလည်း ငွေကျပ် ၁၀ သိန်းခန့် အကုန်ကျခံ၍ သစ်ပင် အမျိုးမျိုးကို တောင်ကျောပေါ်တွင် နည်းစနစ်တကျ ရှင်သန်အောင် စိုက်ပျိုးပေးပါသည်။
ထို့နောက် အနောက်မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေးသည် တိုင်းမှူးခရီးစဉ် လမ်းကြုံကြိုက်နေသဖြင့် ဆင်ဂေါင်းတောင် သို့ရောက်လာပြီး ကြည့်ရှုစစ်ဆေးရာ ဤနဂါးပုံသဏ္ဍာန် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း၏ ဟန်ပန်အမူအရာသည် အနောက်အရပ်မှ အရှေ့အရပ်သို့ တွားလှမ်းလာခါ၊ မိမိ လျှောက်လှမ်းခဲ့သော လမ်းအား ပြန်လည်ကြည့်ရှု သုံးသပ်ဟန်ဖြင့် အမြီးပိုင်းရှိရာ အနောက်ရပ်ဘက်ကို မျက်နှာမူ လှည့်ကြည့်နေဟန် ဖြစ်သည့်အပြင် အမြီး နှင့် အမောက်မှာလည်း တည့်နေကြောင်း မှတ်ချက်ပြုပါသည်။
ထို့ပြင် စိုက်ပျိုးရေး တမာပင်များနှင့် ဆင်ဂေါင်းတောင် ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေး အတွက် ဖွံ့ဖြိုးရေးဆည်တစ်ခုနှင့် ကျောက်နဂါး အနီးတွင် ဆည်တစ်ခု တည်ဆောက်ပေးပါသည်။ ထို့ကြောင့် နဂါးရေသောက် ဟူသော တဘောင်ပါ အကြောင်းအရာ သုံးရပ် ပြီးပြည့်စုံသွားပါတော့သည်။
သို့ဖြစ်၍ ကျွန်တော်များအနေဖြင့်လည်း အမြီးအမောက် တည့်အောင်လျှောက် ပေါက်မြောက်မည်မှန် မြဲဧကန် တည်းဟူသော စကားမွန်ကို မှတ်ကျောက်တင် ကိုယ်စားပြုသော အားဖြင့် သာသနာပြုလုပ်ငန်းများကို အမြီးအမောက်တည့်အောင် ဆောင်ရွက်ခြင်းအားဖြင့် သာသနာပြုခရီးကို တိုးတက်ပေါက်မြောက်အောင် ဆက်လက်လျှောက်လှမ်း မည်ဖြစ်ပါကြောင်း….
ဆင်ဂေါင်းတောင် အနောက်ဖက်
ကျောက်မျက်က ရေပေါ်ထွက်

‘၀’ဘုရားခြေအောက်
နဂါးရေသောက်

အမှားတွေပျောက်

အမှန်တွေပေါက်

အကောက်တွေဖယ် အခက်တွေရှင်း

အလင်းတွေပွင့် အမြင့်တွေရောက်

မဖောက်မမှား

အရောက်သွား

အဲဒါ…. ကျောက်နဂါး…။
ကဲ စာရွက်လေးထဲမှာပါတဲ့ “ ကျောက်နဂါး ” ရဲ့သမိုင်းဖြစ်စဉ်လေးကတော့ ဒါပါပဲ…။ တစ်ခါတစ်ခေါက် ကြုံကြိုက်ခဲ့ရင်လည်း စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် မှာ ရှိတဲ့ ဆင်ဂေါင်းတောင် က “ ကျောက်နဂါး ” ဆီ အရောက်သွားဖို့ သတိရကြနော်….

Read More...

Wednesday, June 13, 2007

မိုးရွာသော...တစ်နေ့... မန္တလေးပုံရိပ်

ဒီနေ့ မန္တလေးမှာ မနက်တည်းက မိုးရွာနေတာ နေ့လည်ထိမတိတ်သေးဖူး…။ ထုံးစံ အတိုင်း မန်းလေးက လမ်းမတွေက မိုးလေးနည်းနည်း ရွာလိုက်တာနဲ့ ရေပြင်ကြီးတွေ ဖြစ်ကုန်ရော…။ လမ်းမတွေမှာလည်း ဆိုင်ကယ်ပျက်လို့ တွန်းလာတဲ့သူတွေ၊ ကားတွေ စက်ရပ်ကုန်လို့ လမ်းဘေးမှာ ရပ်ထားရတာတွေ အဲဒီ မြင်ကွင်းကတော့ မရိုးနိုင်ပါဖူး…။ ဒါပေမယ့်လည်း မန်းလေးကနေ ဝေးနေတဲ့ သူငယ်ချင်းတွေ အတွက် အမှတ်တရ မန်းလေးပုံရိပ် တွေထဲက မိုးတွင်းပုံရိပ်တစ်ခုကို သတိတရနဲ့ ဒီ post လေး တင်ပေးလိုက်ပါတယ်…။ သူတို့တွေလဲ ဒီလို ဆိုင်ကယ်ပျက်၊ ကားပျက်တွေ ကြုံဖူးကြမှာ မလွဲဧကန်ဘဲ…။ ဟဲ…ဟဲ… သိနေတယ်လေ…သိနေတယ်….။ အခုထိ မိုးကမတိတ်သေးဖူး ။ မိုးမျက်နှာမော့ ကြည့်လိုက်တော့ ညနေထိရွာနေအုံးမယ့် ပုံပဲ…။ ပျော်လိုက်တာ… ညနေထိရွာရင်တော့ သင်တန်းကို ခွင့်တိုင်စရာမလိုဘဲ.. Automatic ပျက်လို့ရပီ… ဟီ…ဟိ…။ ဒါပေမယ့်လည်း မိုးမစဲတော့ လမ်းမပေါ် ကားတစ်စီးလောက်များ ဖြတ်သွားရင် ရေလှိုင်းလုံးကြီးတွေက အိမ်ထဲကို လှိမ့်ဝင်လာပုံများ ချောင်းသာရောက် နေတဲ့အတိုင်းပဲ... :( ။



မိုးကြီးပြီး လေမကြီးပေမယ့် အိမ်ရှေ့ကသစ်ပင်ကြီး မိုးဒဏ်မခံနိုင်လို့ လမ်းမပေါ် လဲပြိုကြရှာလေရဲ့။ တော်ပါသေးရဲ့ လူတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေမထိလို့။




လမ်းလျှောက်သွားတဲ့ သူတွေကလည်း ရေတွေလွှမ်းလို့ စင်္ကြန်လမ်းပျောက်သွားတော့ လမ်းမပေါ်တက် လျှောက်နေရတယ်..။ ဘူတာကြီးရှေ့တစ်လျှောက်လုံး ရေပြင်ကြီး ဖြစ်လို့နေတယ်..။


ခေါင်းရွက်ဈေးသည်တွေလည်း မိုးရွာကြီးထဲမှာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မနားရရှာဖူး..။














Read More...

Tuesday, June 5, 2007

တစ်ခါပြုံးရင် အသက်တစ်ရက်ရှည်၏..

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေမသွားဖို့ ၊ မလုံ့တလုံ ၀တ်ထားတဲ့ ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောပါတယိ။ အဖေ့စကားနားမထောင်ဘဲ အဲလိုနေရာတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေကပြောပါတယ်။ လူငယ်ဆိုတော့လဲ မသွားနဲ့ဆိုမှ သွားကြည့်ချင်လာတယ်။ ဒါနဲ့ပဲ တစ်ခါမှ မရောက်ဖူးတဲ့ ကျွန်တော်က တစ်ရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်ဝယ်ပြီး သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို မြင်ခဲ့တယ်။ အဲဒါ ကျွန်တော့် " အဖေ " ကိုလေ...........။

---------- * ----------- * ---------- * ----------- * ---------- * ----------- * ---------- * ---
တခါက ပညာရေးဝန်ကြီး တစ်ဦးဟာ ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့တယ်။ အတန်းတစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံးတစ်လုံး တင်ထားတာတွေ့လို့ ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး ... " ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ " လို့ မေးလိုက်တယ်။ အမေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲ " ကျွန်တော်လုပ်တာ မဟုတ်ဖူး... " လို့ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက နောက်ထပ်ဝင်လာတဲ့ ကျောင်းသားတစ်ဦးကို ထပ်မေးလိုက်ပြန်တယ်။ အဲဒီ ကျောင်းသားကလဲ လက်ကာပြပြီး .. " ကျွန်တော် အခုမှဝင်လာတာ.... ကျွန်တော်လုပ်တာ မဟုတ်ဖူး " လို့ဖြေပြန်တယ။ ဒါနဲ့ ပည်ရေးဝန်ကြီးက ဆရာဖက်လှည့်ပြီး " ဒါဘယ်လို ဖြစ်ရတာလဲ " လို့ ( ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲ ဆိုတဲ့ပုံစံနဲ့ ) မေးလိုက်တယ်..။ ဆရာက တောင်းပန်တဲ့ လေသံနဲ့ " သူတို့ကု အပြစ်တင်လို့ မရဘူး .. ဒီကမ္ဘာလုံးက ၀ယ်လာတည်းက ၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းနေတာပါ " လို့ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးလို ပေါက်ကွဲတော့မယ့် မျက်နှာနဲ့ ကျောင်းအုပ်ဖက် လှည့်ကြည့်လိုက်တယ် ဆိုရင်ပဲ ကျောင်းအုပ်ကြီးက " ပြောရမှာ အားတော့နာတယ်... ကျောင်းက ရန်ပုံငွေ အခက်အခဲ ဖြစ်နေလို့ ဒီကမ္ဘာလုံးကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလို တိမ်းစောင်းနေတာပါ " လို့ပြန်ဖြေလိုက်တောသတည်းးးးးး.........

---------- * ----------- * ---------- * ----------- * ---------- * ----------- * ---------- * ---

ဖခင်..... " သားမှာ မတတ်တာ ဘာတွေရှိလဲ ဖေ့ဖေ့ကိုပြော "။
သား ..... " ဒီကမ္ဘာမှာ သားမတတ်တာ ၂ ခုရှိတယ် ဖေဖေ.."
ထိုအခါ ဖခင်ဖြစ်သူက ၀မ်းသာအားရဖြင့်
ဖခင်..... " ဟေ... ငါ့သား တယ်တော်ပါလား... ဘယ် ၂ ခုမတတ်တာလဲ။"
သား ..... " သား " ဒီဟာ" လဲမတတ်ဘူး "ဟိုဟာ" လဲမတတ်ဘူး "
ဖခင် ..... " +-*/*%^%^**)(*^*%* "

တစ်ခါပြုံးရင် အသက်တစ်ရက်ရှည်၏..

မှတ်ချက်။ ။ ဒီဟာသလေးတွေကို ဖတ်မိပြီး သဘောကျလို့ ပြန်မျှဝေလိုက်ပါ T ..... :P
---------- * ----------- * ---------- * ----------- * ---------- * ----------- * ---------- * ---

Read More...

Friday, June 1, 2007

ခဲပန်းချီအကြောင်း အပိုင်း ( ၆ )


ကဲ ဒီတစ်ခေါက်တော့ Stroke ကောင်းကောင်းဆွဲထားတဲ့ ပုံနဲ့ မကောင်းတဲ့ပုံ နှစ်ပုံကို ယှဉ်ပြလိုက်ရင် ၊ ပုံတစ်ပုံကို မြင်ရတဲ့အမြင်ခြင်း ၊ ခံစားရတဲ့ အရသာ ခြင်းစီလည်း ကွဲပြားမှုကို တွေ့ရလိမ့်မယ်။ ပထမပုံကတော့ ရုပ်ထုကို Live ကြည့်ဆွဲထားတာ။ ကိုယ့်ဘက်က မြင်ရတဲ့ အမြင်ကိုဆွဲ ပြီးတော့ Tone ကို ကိုယ့်စိတ်ကြိုက် ဖြည့်ရတာ။ အဲဒီလိုဖြည့်ရတော့ ဘယ်နေရာတွေမှာ Tone အမြင့်ဆုံးခြယ်သင့်တယ်၊ ဘယ်လိုနေရာတွေမှာ လျှော့သင့်တယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ ပုံရဲ့အရသာပျက်ကရောပဲ။… ပါးရိုးပေါ်ပေါ် ၊ မေးရိုးထင်းထင်း ၊ ချွန်းနေတဲ့ နှာခေါင်း နဲ့ မျက်နှာရဲ့အနေအထားလေးတွေ ဘာတစ်ခုမှ ပေါ်လွင်အောင် ဆွဲမပြနိုင်ဘူး။ ဒါပေမယ့် Teacher “ ပုံတစ်ပုံကို ရုပ်လုံးပေါ်အောင် ဖန်းနိုင်တယ်။ အစပိုင်းဆိုတော့ ဒီလောက်တော့ ရှိတာပေါ့ ” တဲ့။ အင်း… ဒါတော့လဲဟုတ်တာပဲ .. ။ စာရွက်အလွတ်ကြီးကိုကိုင် ၊ ရှေ့မှာချထားတဲ့ ပန်းပုရုပ်ထုကြီးကိုကြည့်ပြီး ဘယ်ကစဆွဲရမှန်းမသိ ဖြစ်နေတာ။ နောက်ဆုံးတော့ အနီးစပ်ဆုံးတူတဲ့ ပုံတစ်ပုံတော့ ထွက်လာသားပဲလို့ ကိုယ့်ကိုကိုယ်တောင် အားပေးလိုက်သေးတယ်။ Teacher ကလည်း အပြင်မှာတွေ့ရတဲ့ အရာကို ဘယ်လိုစိတ်မှန်းနဲ့ တိုင်းထွာပြီး ဆွဲရတယ်ဆိုတာ သင်ပေးခဲ့တယ်။
အဲဒါနဲ့ပဲ လေ့ကျင့်ရမယ့် စာအုပ်ထဲက ပုံတစ်ပုံကိုပေးတယ်။ အားးပါးး… ဆွဲထားတာတော့ အရမ်းလက်ရာမြောက်တယ်။ Teacher ကပြောတယ် “ အဲဒါ ဆရာတွေကိုယ်တိုင် ဆွဲထားတာ မဟုတ်ဘူး။ တရုတ်ပြည်က ကျောင်းသားတွေဆွဲထားတဲ့ ပုံတွေကိုစုပြီး စာအုပ်ထုတ်ထားတာ” တဲ့ ။ အသက်ကြီးတဲ့လူတစ်ယောက်ရဲ့ မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းတွေကို သူမြင်သလိုဆွဲသွားတာ။ အခုဆွဲပြထားတဲ့ ပုံထက် အဆ ၁၀၀ လောက်ကိုကွာတယ်။ ဒီပုံကတော့ နှစ်ကူး က အဲဒီဆွဲထားပြီးသားပုံလေးကို ကြည့်ပြီး ကိုယ်မြင်သလိုပြန်ဆွဲထားတာပါ။
အဲဒီတော့ ပုံနှစ်ကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် အရှေ့ပိုင်းတွေတုန်းက ပြောပြောနေတဲ့ Stroke ဆိုတာ ပေါ်လွင်လာလောက်ပါပြီနော်။ Stroke ကောင်းရင် ဆွဲထားတဲ့ပုံလေးက ရုပ်လုံးကြွလာတာပေါ့။

Read More...

ကျေးဇူးတင်ပါတယ်