Thursday, May 31, 2007

ခဲပန်းချီအကြောင်း အပိုင်း ( ၅ )

ပြီးခဲ့တဲ့ တစ်ပတ်က၊ ပြီးခဲ့တဲ့တစ်ပတ်က နဲ့ ပြန်ပြန်ပြောနေရတာ များနေပြီ။ တစ်ပတ် တစ်ပတ်ကို ပုံမှန် post မတင်ဖြစ်ဖူး…။ ဒါကိုကြည့်ခြင်းအားဖြင့် နှစ်ကူးတစ်ယောက်တော့ Blog အကြွေးတွေ များနေတယ်ဆိုတာ မမေးဘဲနဲ့ကို သိနိုင်တယ်နော်.. :P များနေပေမယ့်လည်း ကြိုးစားပြီး ရေးဦးမှာပဲ။ သင်လာခဲ့ရတဲ့ သင်ခန်းစာလေးတွေကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားပြီး MS Word ထဲမှာ တစ်ကြောင်းရေးလိုက် Save လုပ်လိုက်နဲ့ ရေးထားတာ။ မီးပျက်သွားရင် အားလုံးပါသွားရော။ နောက်ပြီး အားလုံးရေးလို့ ပြီးစီးသွားတော့ Post တင်မယ်လဲ လုပ်ရော Connection ကဘာ Site မှကို ဖွင့်မရတဲ့ ဒုက္ခနဲ့ တိုးပြန်ရော။ ဟော…. အဲဒီလို ဒုက္ခတွေနဲ့ ကင်းသွားတော့မှ ဒီလို…ဒီလို.. Post လေးတွေထွက်လာတော့တာပေါ့။ ယုံလားတော့သိဖူး။ ကိုယ်တွေ့ ကြုံဖူးတဲ့သူတော့ ယုံမှာပါနှော့်။:P

ဒီတစ်ခေါက်တော့ လူပုံရေးနည်းကို စပြီးသင်တယ်။ Form ချပုံချနည်းကတော့ ပုံမှာပြထားသလိုမျိုးပဲ
၁။ စတုရန်းကွက်တစ်ကွက်ကို အလျားလိုက် ၃ ပိုင်းပိုင်း ၊ ဒေါင်လိုက်ကို တစ်ဝက်ဝက်။
၂။ မျက်နှာပုံဆွဲရန်အတွက် ဘဲဥပုံသဏ္ဍာန် စက်ဝိုင်းတစ်ဝိုင်းဆွဲပါ။
၃။ ဒေါင်လိုက် ၃ ပိုင်းပိုင်းထားတဲ့ ထဲက အလယ်ပိုင်းကို နားရွက်အတွက် နေရာယူလိုက်ပါ။
၎။ အလျားလိုက် နံပတ် ၁ လိုင်းကို မျက်ခုံးမွှေး အတွက်ခဲရာယူလိုက်ပါ။
၅။ အလျားလိုက် နံပတ် ၂ နှင့် ဒေါင်လိုက် နံပတ် ၁ ဆုံရာနေရာမှာ နှာအိုးအတွက် စက်ဝိုင်းလေး ၃ ၀ိုင်း ရာထားလိုက်ပါ။
၆။ မျက်ခုံးမွှေးမှ နှာအိုးအထိ တစ်လျှောက်ဆွဲပြီး နှာတံကို လိုအပ်သလိုဖော်ပါ။
၇။ မျက်လုံးနှစ်ဘက်ကို ပုံဖော်လိုက်ပါ။
၈။ ပြီးလျှင် ပါးစပ် အတွက် အလျားလိုက် လိုင်းနံပတ် ၂ နှင့် ၃ ကို ၃ ပိုင်းထက်ပိုင်းလိုက်ပါ။ အဲဒီအခါ ပါးစပ်အတွက် အလယ်ပိုင်းကို ခဲရာပေးလိုက်ပါ။
၉။ နှာခေါင်း နှင့် ပါးစပ် ကြားတွင် နှုတ်ခမ်းအတွက် လိုင်းအရာလေးကို ခဲရာထက်ပေးပါ။

မျက်နှာမှာ တွေ့ရတဲ့ စက်ဝိုင်းအဖြူရောင် ၃ ခုက ဖိုးဝရုပ်လို ပါးကွက်ကွက်ထားခြင်း မဟုတ်ပါဖူး။ အလင်းတိုက်ရိုက် ကျရောက်နိုင်သောနေရာကို ယေဘူယျ ၀ိုင်းပြထားခြင်းပဲ ဖြစ်ပါတယ်။
ကဲ ဒါလေးတွေကတော့ လူမျက်နှာပုံရဲ့ အကြမ်းဖျင်းသဘော ဆွဲသောနည်းပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ဆွဲထားတဲ့ Tone ခြယ်ထည့်ထားပြီးသား မျက်နှာပုံကို ပြလိုက်ရင် နောက်ဒီ Blog ကို မလာရဲလောက်အောင်ကို ကြောက်သွား နိုင်တာမို့ မပြတော့ဖူးနော်။..
:D

No comments:

ကျေးဇူးတင်ပါတယ်