Wednesday, September 12, 2007

ပန်ကြားချက်

ဒီဘလော့လေးကိုလာလည်ကြတဲ့
သူငယ်ချင်းများအားလုံးကို
မေတ္တာရပ်ခံပါတယ်။
ဒီရက်ပိုင်းမှာ ကွန်ပျူတာပျက်၊ ကင်မရာပျက်..
ကြာလာတော့ စိတ်ပျက်ပီး ပစ်ထားလိုက်တယ်
ဒါကြောင့်မို့ ပိုစ့်အသစ်မတင်ဖြစ် ၊
အားလုံးကိုလည်း
reply မပြန်ဖြစ်သလို ဘယ်သူ့ဆီကိုမှ အလည်မရောက်ဖြစ်ဖူးး
အားလုံးပြန်ကောင်းလာရင် ... ပြန်လာခဲ့မယ်နော်..။


တီဇက်အမ်ကြီး တေးမွန်မ လွင်ကိုလတ် မြလွှာ ရတနာချို မဂျေဂျေ ( JJ )

ကိုvillager ( ရွာသားလေး ) linker+၊ ဦးဆန်းဦးကြီး JulyDream ဦးဆြာဘကြီး

Raven ကိုကျော်ဇေယျ meelay ယမင်း ကိုkkwinmoe ကြီးကိုစိုးထက်ကြီး

ဦး Steven ကြီး s-potatoဘလင့် ဘလူးဖီးနစ် ကိုဇော်မျိုး

ဘုရင့်နောင်ကြီး kojud ( ကိုဂျက် ) NMA0707 ၊ ချမ်းမြေ့ဦး mr.ngatay ၊

ph ( ဖြူဖြူသင်း )phoxin ဂူဂူး ကိုဆောင်းလူ mtj ( စပ်မိစပ်ရာ )

မပန်ဒိုရာ wumailian နီလာ ကိုကြီးသူ

တို့ အားလုံးးပဲ နှစ်ကူးး ချက်ချင်း reply မပြန်နိုင်တာ ၊ လာမလည်ဖြစ်တာကို ခွင့်လွှတ်ကြပါ..

ဘလူးဖီးနစ်ကြီး ရေ.. ကတ်တလောက်လေးတွေကြည့်ချင်ပါဒယ်။ ဒါပေမယ့် ဘလူးဖီးနစ် ကြီး ဆီက၀င်လို့မရဖူးးး

ဘလင့် ထင်သလို ရေပတ်တာမှုတ်ဖူးးး ခလေးတွေကို ချိုချဉ်ဝေနေဒါ…။ ဘလင့်အတွက်တောင်ချန်ထားသေးတယ်။

s-patato > ဟင့်.. ဒီလိုမှန်းတိရင် s-patato အတွက် တစ်လုံးချန်ထားလိုက်ပါဒယ် =P

မပန်ဒိုရာ > တေးမွန်ကြီး အခုပိတ်ထားတော့ဖူးးး ဖွင့်တွားပီ.. :P

တေးမွန်မကြီး တင်မှာပေါ့…ဒါပေမယ့် နာ့တွန်ပူတာ နဲ့ တမရာ ပျက်နေဒယ် .. အိ..အိ..အိ.. :’(

ဦးJLကြီး ကိုလည်းပြန်လက်စားချေမယ်… ç`ç` ç`

တီဇက်အမ်ကြီး အထုမှမိုးကုန်ခါစပဲချိတေးဒယ်…။ ဟိ..ဟိ..။



Read More...

Tuesday, August 28, 2007

အကြိုက်ဆုံးပိုစ့် ၅ ခု

တက် ... တက်... တက် ...
တီဇက်အမ်ကြီး တက်လိုက်တော့ နှစ်ကူးတစ်ယောက် ရေးရပြန်ပီပေါ့...။ ( အရေးအသား အရမ်းကောင်းကောင်းနဲ့ ... အဟိ..အဟိ... )
အကြိုက်ဆုံးပိုစ့် ၅ ခုတဲ့.... အားလုံးကြိုက်နေတော့ ဘီလိုလုပ်မလဲ။ ရှိစုမဲ့စု ပိုစ့် လေးတွေထဲက ဖြစ်ညစ်ပီး ( အကြံဥာဏ် :P ) ရေးချလိုက်ပီ..... အပ်ချလောင်းးးးး

ပထမဆုံးနေ့ ( ဒါ ပန်းချီသင်တန်း ပထမဆုံးနေ့ ကတင်ဖြစ်တဲ့ပိုစ့် )
ဒါတွေသိလား ( မသိတေးရင် ၀င်ကြည့်ကြည့်ပေါ့ :P )
မှတ်သားလောက်ပါပေတယ် ( ဒေါ်ပြားအကြောင်း )
ကျောက်နဂါးသို့တစ်ခေါက် ( နှစ်ကူးရောက်ခဲ့တဲ့ ထူးထူးဆန်းဆန်းနေရာကလေး )
ကလေးပန်းချီပြပွဲ ( အနာဂတ်ရဲ့ ပန်းချီဆရာ/မ များ =P )

ကဲ... နောက်ထပ် .. ဒူကို ပြန်တက်ရမလဲ... လာလေ...လေ့... ရော့
Teacher မိုး
Teacher စစ်ကိုင်း
ဖိုးချမ်း
ahmei ( စိုးကြည် )
piyo piyo ( တစ်ခုတည်းသော ပိုစ့်ပိုင်ရှင်.. ဟိ..ဟိ..)
အာလူးပုတ်




Read More...

Saturday, August 25, 2007

ခဏတာ အနားယူခြင်း

နှစ်ကူး Blog လေးကို လာလည်ကြတဲ့ နီးနီးဝေးဝေးမှ တူနယ်ဂျင်းလေးတွေ အားလုံးကို အရမ်းကျေးဇူးတင်တယ်။ မ၀င်ဖြစ်တာကြာပီ ဖြစ်တဲ့ blog လေးကို ၀င်ဝင်ချင်း Cbox က အသံလေးတွေကြောင့် အမောပြေသွားတယ်။ နှစ်ကူး Blog အတွက် Post တွေကိုတော့ ခဏတော့ နားထားအုံးမယ်။ ပုံဆွဲတာရော၊ စာကြည့်တာရော တော်တော်ပေါ့ နေလို့ ( ဆားလည်းခပ်လို့ မနိုင်ဖူးးးး =P )
အော်.....နောက်ပီး ငြုပ်သီး ကျွေးပီး Tag ထားတဲ့ ဗျို့ တူနယ်ဂျင်း TZM ရေ... ရေးပေးမယ်နော်။ "လာမည်.. ကြာမည်.." စိတ်မဆိုးနက်။ စိတ်ဆိုးရင် ဖတ်တီးပုတ်ရီးနက် ရတတ်တယ် ဟိ...ဟိ.. ။

Read More...

Wednesday, August 1, 2007

ခဲပန်းချီအကြောင်း

ဒီနေ့တော့ ကိုယ်တိုင်စိတ်ကြိုက် ဆွဲထားတဲ့ပုံလေးတွေကို post တင်လိုက်တယ်။ ဒီပုံလေးက အိမ်မှာဆွဲဖို့ ဆရာက အိမ်စာပေးလိုက်တော့ ဘာပုံဆွဲရမလဲ တော်တော်ကြီး စဉ်းစားရဒယ်။ ( ဟ … ဟ… လွယ်ဒါလေးတွေ လိုက်ရှာတာ) ဟိုပစ္စည်းလေးနဲ့ ပုံစံချကြည့် ၊ ဒီပစ္စည်းလေးနဲ့ ပုံစံချကြည့် အမျိုးမျိုးရွေးနေပီး နောက်ဆုံးတော့ ဒီဖိနပ်လေးကို ဆွဲဖြစ်လိုက်တာပါ။ သူများတွေ Drawing ကောက် ( ပုံကြမ်းချ ) တာ အချိန်သိပ်မကြာဖူး။ နှစ်ကူးကတော့ အနည်းဆုံး ၁ နာရီပဲ။ ပုံ ၃ ပုံမှာ ရှေ့ဆုံးကပုံ ပုံကြမ်းချထားတာကို ကြည့်လိုက်ရင်ပဲ သိသာပါတယ်..။ ပြင်လို့ကို မပီးနိုင်ဖူး။ နောက်တစ်ဆင့် အလယ်ကပုံလေးကတော့ ဖိနပ်လေးရဲ့ Texture ပေါ်အောင်လို့ ခဲချက် ( ရေးချက် ) တွေကို အမျိုးမျိုးပြောင်းရေးလိုက်တယ်..။ ရေးချက်တွေဆိုတာ အရင်ကပြောခဲ့သလို ထောင်လိုက်၊ လှဲလိုက် နဲ့ အနိမ့် အမြင့်တွေ၊ အနီးအဝေး တွေပေါ်အောင် ထည့်ပေးရတာ။ ( သိပီးသားတွေလဲ ဖြစ်မှာပါ =P ) အလင်းအမှောင် Tone တွေကို ခွဲလိုက်တယ်။ အဲ… နောက်ဆုံးပုံကတော့ Tone ပြည့်အောင် ကိုယ့်စိတ်ကြိုက် အကုန်လိုက်ဖြည့်တယ်။ ဒီထက်လဲထက်ပီး ဖြည့်လို့ မရတော့လို့ ပီးပီဆိုပီး လက်စသတ်လိုက်တယ်။ ဒါပေမယ့် သင်တန်းကိုရောက်တော့ ဆရာက အဲ့ဒီပုံလေးကို Tone ပြည့်အောင်ထပ်ဖြည့်လို့ ပြောတယ်။ ဆွဲထားတဲ့ ပုံကိုကြည့်ပီး ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားတယ်။ အဲဒီမှာ ဆရာကပြောတယ် “ မတူတဲ့ ရေးချက်လေးတွေနဲ့ ကွန်တိုလိုင်းလေးတွေ ထပ်ဖြည့် ရောသင့်တဲ့ နေရာတွေမှာ ရောပလိုက် ၊ အမှောင်ထဲက အလင်းလေးတွေ ရှာပီးဖြည့်၊ ရေးချက်တွေတူနေရင် ဖြည့်စရာ Tone ကုန်ပီးတော့ ချော်ကီ (ခဲကျွမ်း) သွားတတ်တယ်။ ” တဲ့ နောက်ခံ Background က ရေးချက်တွေက နည်းနည်းကြမ်းနေသေးလို့ ပြန်ဖြည်လိုက်ရတယ်။ ဒါတွေကတော့ နှစ်ကူး ဆွဲခဲ့တဲ့ ဖိနပ်ပုံလေးကို ဆရာပေးတဲ့ မှတ်ချက်တွေပါ။ ဒီဘေးကပုံလေးကတော့ ပြန်ပြင်ထားတဲ့ ပုံလေးပါ။

နောက်တစ်ပုံကတော့ “ ကျောင်းသွားဖော် ” လို့ နှစ်ကူး နံမည်ပေးထားတဲ့ ခဲခြစ်ပန်းချီလေးပါ။ ဒါလဲပဲ အိမ်မှာကိုယ်ဆွဲချင်ရာ ဆွဲလိုက်တာပါ။ ဒီပုံကိုပြလိုကတော့ ဆရာက သဘောကျသွားတာ။ လွယ်အိတ် အသားကိုပေါ်အောင်ဆွဲနိုင်လို့တဲ့…. ( ဟိ..ဟိ.. ) ။ ရေဗူးဆွဲထားတာကိုတော့ နည်းနည်းပြန်ပြင်ရဒယ်…။ ထုံးစံအတိုင်း ကွန်တိုလေး ထပ်ဖြည့်တာ။ ရေဗူးမှာ ကွန်တိုထပ်ဖြည့်ပေးတာကို Before နဲ့ After ဆိုပီး တွဲလျက်ပြပေးလိုက်တယ်။ ယှဉ်ကြည့်ကြည့်နော်။

ဒီ ၀က်ဝံရုပ်ကလေးကို ဆွဲရင်းနဲ့ အမွှေးပွကို ဆက်မဆွဲတတ်တော့လို့ ဒီအတိုင်း ရပ်ထားလိုက်တာ။ အမွှေးပွပွကို Study များများလုပ်ဖို့တော့လိုနေပီ။

ဒီပုံကတော့ ပန်းပွင့်ပုံစဆွဲခြင်းပဲ..။ အရင်က… သစ်ပင်တွေ ဆွဲရင်တော်တော်စိတ်ညစ်တာ။ ဟော..လာပါပီ .. သင်တန်းကိုရောက်တော့ ပန်းအိုးထဲမှာ ပန်းတွေနဲ့လဲတွေလိုက်ရော… ပန်းတွေစဆွဲရတော့မယ် ဆိုတာ သိလိုက်တယ်။ ကိုယ်လိုချင်တဲ့ ရှုထောင့်ကို စိတ်ကြိုက်ရွေးပီး ထိုင်ဆွဲကြရတယ်။ သူများတွေတော့ ဘယ်လိုအတွေးနဲ့ နေရာရွေးလဲမသိ..။ အဲဒီတုံးကတော့ နှစ်ကူးတစ်ယောက် လွယ်မယ်ထင်တဲ့ဘက်ကို ရွေးပလိုက်တာ။ ဆွဲထားတာ လုံးဝကို မလှဖူးးနော်….။

နောက်တစ်ရက် သင်တန်းရောက်တော့လဲ နှင်းဆီပန်း Study လုပ်ရပြန်တယ်။ ဒီတစ်ခါတော့ မဆွဲတတ်ဖူးး ဆိုတဲ့စိတ်ကို မရမကဖျောက် ၊ ဆွဲကိုဆွဲရမှဖြစ်မယ်လို့ စိတ်သွင်း ( ရုပ်ရှင် ထဲကလိုဆိုရင် Key သွင်း တာပေါ့ :P ) ပီး drawing အရင်ကောက်တယ်။ အဲဒီ ပန်းတွေမှာ အလင်းဆုံး ဆိုတဲ့နေရာကိုရှာလိုက်တယ်။ အဖြူဆုံးကိုချန်ထားပီး half tone ကိုရှာပီးဆွဲတယ်။ အမှောင်ဆုံးနေရာတွေကို နောက်ဆုံးမှ အပီကိုခြယ်ပလိုက်တာ။ အဲလို..အဲလို.. Drawing ကောက် ထားတဲ့ ထဲမှာ Tone လေးတွေကို ဖြည်းဖြည်းချင်း လိုက်ထဲ့လိုက်တော့ ရုပ်လုံးနည်းနည်းပေါ်လာတယ်။ ဆွဲရတာ အားတက်သွားတာပေါ့။ အချိန်ကုန်လို့ ကုန်သွားမှန်းမသိရဖူး။ စိတ်မပါတဲ့ အချိန်ကဆိုရင် ဆွဲရတာ မပီးနိုင်သလို၊ အချိန်ကလဲ ကုန်ခဲသလိုပဲ။ ( အဲလို အပျင်းစား ရောဂါရှိတယ် ^_*)“ အယ် .. ဒီခဲခြစ်ပန်းပုံလေးက လှတွားတယ်နော် တိုးတက်လာပီ ” လို့ ချီးကျူးမစောနဲ့အုံး… ။ နှစ်ကူးဆွဲတဲ့ပုံက အားနည်းနည်းပျော့တယ် ( Tone မပြည့်သေးလို့ )Teacher က ရောရမယ့်နေရာလေးတွေကို ရောပလိုက်တယ်။ နှစ်ကူး စစဆွဲထားတုန်းက ပန်းအိုးကို Line တွေနဲ့ ဆွဲထားတာလေ။ ဆရာက အဲဒီ Line ကို Tone ပြန်ပြောင်းလိုက်တယ် ( အလင်းအမှောင်နဲ့ ခွဲလိုက်တာ )Line နဲ့ ဆွဲထားတယ် ဆိုတာကို လွယ်လွယ်ပြောရရင် မိန်းကလေးတွေ နှုတ်ခမ်းနီ ဆိုးတဲ့အခါ ဘောင်ကွပ်ထား သလိုမျိုးပေါ့။ ပန်းပုံတွေ ကောင်းကောင်းမဆွဲတတ် သေးဖူးလို့ ဆရာကိုပြောတာ့ “အစပိုင်းမှာတော့ တွေ့ရာအားလုံးကို Line တွေ Curve တွေ အဖြစ်နဲ့မြင်ပီး ဆွဲခဲ့တဲ့ စိတ်ကိုဖျောက်။ အခု တစ်ဆင့်တက်မယ်။ Tone အနု အရင့် နဲ့ ခွဲခြားပီး မြင်တတ်အောင် ကြည့်ရတော့မယ် ” တဲ့။

မှောင်တဲ့ နေရာမှာလဲ အားလုံးက တပြေးထဲ မည်းမှောင်နေတာ မဟုတ်သလို၊ နေရောင်တိုက်ရိုက် ကျနေတဲ့ လမ်းမကြီးဟာလဲ ဖြူဖွေးမနေပါဖူးးး ။ အလင်းထဲမှာ အမှောင် Tone လေးတွေရှိသလို အမှောင်ထုထဲမှာလည်း အလင်း Tone လေးတွေရှိတယ်တဲ့။ ဒါတွေဟာ ရှာဖွေလေ တွေ့ရှိလေပါပဲ။ မတူညီတဲ့ Tone များများပါလေလေ… Fine Tone ရလေလေပဲ။ “ ခဲ ” အပြင် “ အရောင် ” တွေကိုသုံးပီး ကစားတဲ့ အခါမှာလည်း ဒီသဘောတရားတွေ ပါတယ် လို့ ဆရာပြောဖူးတယ်။

ကဲ … နောက်တစ်ပုံ..။ လောလောဆယ်တော့ နောက်ဆုံးဆွဲထားတဲ့ပုံပါ။ ဒီပုံကတော့ ပြင်ချင်စိတ်မရှိတော့လို့ကို လက်ကိုလွှတ်ထားတာ။ ကားဖွဲ့စည်းထားပုံလဲ ကိုလဲကြည့်ပါအုံး… ကိုယ်ကပိုင်ပိုင်နိုင်နိုင် မဆွဲနိုင်ဘဲနဲ့ ဆွဲရမယ့် ဧရိယာကို ပိုယူထားသလိုဖြစ်နေဒယ်။ မှားနေဒယ်လို့ ပြောရမှာပေါ့။ လှဘူးးနော်.. :(

နောက်ခါ အဲ့လို ဖြစ်စေရဖူးးး… စိတ်ပါလက်ပါနဲ့ ပုံကောင်းကောင်းလေးတွေ ထပ်ဆွဲထားအုံးမယ်။ နှစ်ကူးဆွဲထားတဲ့ပုံလေးတွေ လာလာကြည့်ကြတဲ့ သူတွေအားလုံး အရမ်းပဲကျေးဇူးတင်ပါတယ်။

နှစ်ကူးရဲ့ ခဲခြစ်ပန်းချီလေး ဒီမှာပဲ နားအုံးမည်။

Read More...

Thursday, July 26, 2007

ဒီလို...ဒီလိုကြောင့်..

နှစ်ကူး ရဲ့ Blog လေးကို လာလည်ကြတဲ့ ဘလော့မောင်နှစ်မတွေ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းအတွင်း အိမ်တွေကို အလည်မလာဖြစ်တာက ကျန်းမာရေးသိပ်မကောင်းတဲ့ ကွန်ပျူတာကြောင့်လေ။

ကွန်ပျူတာလေး ချောင်းဆိုး ရင်ကျပ် ဖြစ်နေတာတော့ ကြာပီ.. =P ။ ဒီနေ့မှပဲ နေမကောင်းဖြစ်နေတဲ့ ကွန်ပျူတာကို ဆေးခန်းသွားပြလိုက်တယ်။ စစချင်းပျက်ကတည်းက သိမ်းထားတာလေးတွေ backup လုပ်ပီး မြန်မြန်သွားပို့မှလို့ပဲ ဆိုပေမယ့် နှစ်ပတ်သာ ကျော်သွားဒယ်… မလုပ်ဖြစ်ဖူးး..။ ဒီနေ့တော့ မဖြစ်ချေဖူးး ဆိုပီး backup တောင်မလုပ်နိုင်ဘဲ မြန်မြန်ပြေးရဒယ်..။ Blog show နေ့က ရိုက်ထားတဲ့ ပုံတွေနောက်ရက် ပို့ပေးမယ်လို့ အာမခံခဲ့တာလေ… ဟိ…ဟိ.. မျှော်နေမှာစိုးလို့ ဆိုင်ကို ပြေးရတာပေါ့။ ( မြလွှာ ရတနာ နဲ့ ကိုထူးထူး တို့ရေ… သီးခံပေးနော်…။ ) ဆိုင်ကိုရောက်တော့ Graphic Card ကြောင်တာတဲ့…။ format ချဖို့မလိုဖူးးဆိုမှ ဟင်းးး ချနိုင်တော့တယ်..။ ဒီလို ဖြစ်တာ ၂ ခါ ရှိပီ။ ဘာကြောင့်ဖြစ်လဲတော့ သိဖူးး။ ကွန်ပျူတာ သုံးနေတုံး ခဏခဏ ဟန်းဟန်းသွားတဲ့ သွားတာ။

Blog Show နေ့ကတော့ Camera တွေ ကိုယ်စီ ကိုယ်စီနဲ့ တစ်ယောက်မှ မလွတ်ရအောင် ဓါတ်ပုံတွေ ရိုက်ပီး အားပေးခဲ့ကြတယ်။ သူ့ကို ကိုယ်ရိုက် ၊ ကိုယ့်ကိုသူရိုက် အပြိုင်နွှဲခဲ့ကြတယ်။ မထင်မှတ်ဘဲ ဘလော့ဂါတွေ စုံစုံညီညီ လာကြလို့ အားလုံးပျော်ခဲ့ကြတယ်၊ ပြီးတော့ အောင်အောင်မြင်မြင်နဲ့ ပွဲလေးတစ်ခု ပီးသွားခဲ့တယ်။ဘလော့သူငယ်ချင်းတွေ အားလုံးပဲ ရင်းနှီးဖော်ရွေ ကြတယ်။ စည်းလုံးညီညွတ် ကြတယ်။ အဲဒီနေ့က မလာဖြစ်တဲ့ သူငယ်ဂျင်းလေးတွေလဲ... နောက်လုပ်မယ့် Blog Day ကို တော့ လက်မလွှတ်စေနဲ့တော့နော်... :P


Read More...

Wednesday, July 4, 2007

ခဲပန်းချီအကြောင်း

ဒီပုံလေးကတော့ ဆရာစသင်တဲ့နေ့မှာပဲ စာအုပ်ထဲမှာပါတဲ့ ပုံတစ်ပုံကို စာမေးပွဲစစ်သလို ချက်ခြင်းဆွဲခိုင်းလိုက်တော့ … နှစ်ကူးတစ်ယောက်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ဆွဲလိုက်တာ ပုံကမတူဖူး ဖြစ်သွားတယ်။ ဆရာကတော့ ကျောင်းသားတွေရဲ့ Texture ပိုင်နိုင်မှုရှိမရှိကို ကြည့်တာ၊ ပုံတူမတူ ကြည့်တာမဟုတ်ပါဖူးတဲ့။ အဲဒီတော့မှ တော်ပါသေးရဲ့လို့ စိတ်အေးသွားတော့တယ်။

ဒီ နှစ်ကူးတစ်ယောက်နှယ် Texture တို့ Tone တို့ကို ခဏခဏပြောပြောနေတယ်..။ အဲဒါ ဘာကြီးလဲလို့ မေးရင် ပုံလေးနှစ်ပုံခြင်းစီကို ယှဉ်ပြလိုက်မယ်နော်။ အလင်းအမှောင် ၊ အဖိအဖော့ ၊ အနိမ့်အမြင့် ခွဲထားခြင်းမျိုးပဲ။ ပန်းချီမှာကလည်း သူတို့ပါမှ ပွဲစည်တာ။ ငယ်ငယ်တုန်းကတော့ ပုံဆွဲပီးရင် အလိုမျိုးမဲမဲကြီးတွေ လိုက်ဖြည့်ထည့်တာကို လှဒယ်လို့ မထင်ဖူး။ အသားမည်းသွားအောင် လုပ်တာနဲ့တူဒယ်လို့ မြင်တာ။ အဲဒါနဲ့ ပတ်သက်ပီး နှစ်ကူးဆွဲထားတဲ့ ပုံတစ်ပုံကို ပြမယ်။ အဲဒီပုံက ဆွဲထားပီး Tone မဖြည့်တတ်လို့ ဒီတိုင်းပစ်ထားတာ။ အရင် ခဲပန်းချီအကြောင်း post အဟောင်းမှာလည်း တင်ထားဖူးပီးသားပါ။ အခု နည်းနည်းတော့ ဖြည့်တတ်သွားပီမို့ ကိုယ့်ဘာကို Tone ခွဲပီး စမ်းကြည့်ထားတယ်။ မြည်းကြည့်အုံးနော်… :P ဒါပေမယ့် ကိုယ်တိုင်ခွဲထားတဲ့ Tone က perfect မဖြစ်လို့ ဆရာက ပန်းချီကားတစ်ချပ် နဲ့တူအောင် နည်းနည်းပြန်ပြင် ပြပေးလိုက်တယ်။ ကိုယ့်ဘာကိုယ် ဆွဲထားတုန်းက ပန်းချီကားနဲ့ သိပ်မတူဘဲ ကာတွန်းနဲ့ ပိုတူနေပီး.. ပြင်လိုက်မှ ပိုလှသွားသလိုဘဲ။ (ကိုယ့်ငါးချဉ် ကိုယ်မှ မချဉ်ရင် အဒူမှချဉ်မှာမှုတ်ဖူး.. :P )

ဒီပုံကလည်း မကျေပွဲပြန်နွှဲထားတာပဲ။ မတောက်တစ်ခေါက် Tone လေးဖြည့်တတ်လာတော့ ပန်းပုရုပ်ထုကို ပြန်ကြည့်ပီး ဆွဲထားတာလေ။ ဒါလေးဆွဲပီးတော့ သိလိုက်ရတာက အလင်းဆုံး Tone နားမှာ အမှောင်ဆုံးရှိတယ်။ ရေးချက်တွေကို လှဲလိုက်၊ ထောင်လိုက် ရေးခြင်း ( မျဉ်းမတ်၊ မျဉ်းစောင်း၊ မျဉ်းလဲ ) အားဖြင့် distance တွေကို လုပ်ယူရမယ်။ အဲဒီ distance လုပ်ခြင်းဟာ ကွန်တို သဘောပါပဲ။ အဲလို မတူညီတဲ့ ရေးချက်လေးတွေ ဖြည့်လိုက်တော့ နှာခေါင်းချွန်တဲ့ သူပုံဆွဲရင် နှာခေါင်းချွန်လာမယ်။ ပါးရိုးမို့တဲ့ သူပုံဆွဲရင် ပါးရိုးမို့မို့ တွေပေါ်လာမယ်။ မျက်လုံးအိမ်ခွက်နေသူရဲ့ ပုံကိုဆွဲရင် မျက်လုံးအိမ်ခွက်နေကြောင်း ပေါ်လွင်လာမယ်… စသဖြင့်ပေါ့လေ။ Tone ဖြည့်ထားတော့ ပုံကို ကြည့်ရတဲ့ အရသာချင်း နည်းနည်းကွာသွားတယ်..ဟုတ်?? ။ ဆရာက ပန်းချီစာအုပ်တွေ ထဲက သူများခွဲထားတဲ့ Tone တွေကြည့်ပီး လေ့ကျင့်တာ ရပ်လိုက်ပီး ကိုယ်ပိုင် ကိုယ့်ဘာကို မြင်တဲ့ Tone တွေ ဖြည့်ကြည့်ရမယ်လို့ ပြောတယ်။ ဒါကြောင့် ကိုယ့်ဘာကိုယ် ကိုယ့်စိတ်ကူးနဲ့ကိုယ် ဇိမ်ပြေနပြေထိုင်ဆွဲပီး Tone တွေ စိတ်ကြိုက်ဖြည့်တော့တာ။ ဗိုက်ဆာမှန်းတောင် သတိမရတော့ဖူး။ အဲဒီနေ့က ညနေစောင်းမှ ပြန်ဖြစ်တယ်။

ဒီပုံလေး နှစ်ပုံကလည်း perspective ( အနီးအဝေး ) သင်မဲ့နေ့က မသင်ခင် တစ်ရက်အလိုမှာ ကိုယ်နားလည်သလောက် အမြင်နဲ့ ပုံလေးတစ်ပုံ အိမ်မှာဆွဲခိုင်းလိုက်တယ်။ ( အခန်းတစ်ခန်းထဲမှာ စာပွဲတစ်လုံးပါရမယ်။ မျက်နှာကျက် ပါရမယ်။ ဘေးနားမှာ ပြတင်းပေါက်လေးလဲပါရမယ် ဆိုပီး အိမ်စာပေးလိုက်တယ် ) ဘယ်ဘက်က ပုံလေးကတော့ အိမ်စာပေးလိုက်တဲ့ ပုံလေးပါ။ ညာဘက်ခြမ်းက ပုံလေးကတော့ နောက်ရက် သင်တန်းမှာ one point , two point တွေ သင်ပီးမှ ဆွဲထားတဲ့ ပုံပဲဖြစ်တယ်..။

one point ဆိုတာ မျဉ်းကြောင်းတွေက point တစ်ခုထဲမှာ ဆုံကြတယ်။ ယေဘူယျအားဖြင့်တော့ ပြိုင်နေတဲ့ မျဉ်းနှစ်ကြောင်းဟာ ဆုံမှတ်မရှိဘူးလို့ နားလည်ထားကြပါတယ်။ ပန်းချီမှာတော့ မျဉ်းကြောင်းတွေဟာ တစ်နေရာရာမှာ ဆုံကိုဆုံကြတယ်။ အစကတော့ ဆုံမှတ်မရှိဖူးလို့ သိထားတော့ ပထမပုံလေးမှာ မျဉ်းပြိုင်တွေကို မပြိုင်ပြိုင်အောင်ဆွဲထားတယ်။ အဲ… ဒုတိယပုံလေးမှာတော့ ဆုံမှတ်တစ်ခုကို ဗဟိုပြုပီး မျဉ်းကြောင်းလေးတွေ ဆွဲလိုက်တော့ အလိုလို distance တွေထွက်လာတယ်။ အဲဒီဆုံမှတ်ဟာ ကိုယ်ဆွဲနေတဲ့ ဧရိယာဘောင်လေးထဲမှာပဲ ရှိနိုင်သလို၊ ဘောင်ကိုကျော်ပီး အပြင်မှာလဲ ဖြစ်နေနိုင်တယ်။ သေချာတာတစ်ခုကတော့ အဲဒီမျဉ်းကြောင်းတွေဟာ တစ်ခုထက်ပိုတဲ့ ဆုံမှတ်တွေမှာ ရှိနေကြတယ်ဆိုတာပဲ။ ဆရာက သူတို့ကျောင်းတုန်းက perspective စာမေးပွဲ အတွေ့အကြုံလေးပြောပြတယ်။ မြေကြီးပေါ်မှာ သံချောင်းစိုက်၊ အဲဒီသံချောင်းလေးမှာ အပ်ချည်ကြိုးလေးနဲ့ တန်းပီး ဆုံမှတ်လုပ်ကြတယ်။ အဲ…. အဲ့ဒီဆုံမှတ်တစ်ခုမှာပဲ အပ်ချည်ကြိုး ၂ ကြိုး ၃ကြိုး ဖြစ်နေတတ်တယ်တဲ့။ ဆုံမှတ်ကိုပဲ ရှယ်ယာလာခွဲကြတာလေ… အဟ..ဟ..ဟ..။ ဒါပေမယ့် ခုတော့ အဲလောက်ကြီး လုပ်ဖို့မလိုပါဖူး။ သဘောတရားလောက်ကိုသိပီး အဲဒီ သဘောတရားကို အခြေခံပီး လုပ်ရမှာ။ သီအိုရီတွေ ပိနေရင် သီအိုရီက ကိုယ့်ကိုတက်စီးသွားမယ်။ ကိုယ့်ရဲ့ ideafeeling တွေကို အပြည့်အ၀ အသုံးချရမယ်။ ( ဒါတွေက ဆရာမှာတဲ့စကားတွေ။ နှစ်ကူးက သိလိုက်တာ လို့ ချီးကျူးမစောနဲ့ :P )။ ဒါပေမယ့် ခုတော့ မတူတူအောင် ဆွဲရတာ အရမ်းသဘောကျနေတာ။ ကိုယ်ဆွဲထားတဲ့ ပုံလေးကို သူများတွေက “ဟယ်… တူလိုက်တာ..” လို့များပြောလိုက်ရင် သဘောခွေ့ မနောခွေ့ပဲ…ဟိ…ဟိ..။ ကဲ… ဒီစာလေးဘေးမှာပါတဲ့ အနီးအဝေး ကိုရှင်းပြထားတဲ့ ပုံလေးကို ခဏတော့ ကြည့်လိုက်နော်။

ဒီပုံကတော့ Texture ပါတယ်။ ပန်းသီး၊ ငှက်ပျောသီး၊ စတဲ့ အသီးတွေရဲ့ သဘာဝကိုပေါ်အောင် ဆွဲရတယ်။ ( အယ်… တော်လိုက်တာလို့တော့ မထင်နဲ့အုံးနော်… အဲ့ဒါ စာအုပ်ထဲကပုံကို ကြည့်ပီးဆွဲထားတာ…. ဟဲ…ဟဲ… )

အင်း… ဒီပုံလေးလည်း တူတူပါပဲ ။ ပလက်စတစ်၊ စတီး၊ ဖန် ဆိုတဲ့ မတူညီတဲ့ အရာဝတ္ထုပစ္စည်းလေးတွေကို ပေါ်လွင်အောင်ရေးတာပဲ။ ဒီပုံလေးကတော့ ဆရာချထားပေးတဲ့ ပစ္စည်းတွေကို ထိုင်ဆွဲရတာ။ ဒီမှာ ထူးခြားတာက overlap ဆိုတာလေးပါလာတယ်။

ဒီ post လေးတွေကို စနေ၊ တနင်္ဂနွေ အပတ်စဉ် သင်တန်းကပြန်လာတိုင်း သင်ထားတာတွေကို ပူပူနွေးနွေး ပြန်တင်ရမှာ။ ဒါပေမယ့် အခု သင်တန်းချိန်က ပိုများလာတယ်။ ခါတိုင်းဆိုရင် နေ့လည် ၂ နာရီဆိုရင် နောက်အကျဆုံးဆင်းတာပဲ။ ခုနောက်ပိုင်း ညနေ ၅ နာရီ၊ ၅ နာရီခွဲမှဆင်းရတော့တယ်။ ဆင်းဆင်းချင်း နောက်သင်တန်းတစ်ခုကို ချက်ချင်းကူးရတယ်။ သင်တန်းနှစ်ခုကလည်း နေရာက တောင်နဲ့မြောက်။ နောက်တစ်ခုကူးရတဲ့ သင်တန်းက ပေးလိုက်တဲ့ အိမ်စာတွေ မပီးသေးလဲ ရှုံ့မဲ့မဲ့နဲ့ သွားရဒါပဲ။ ငယ်ငယ်တုံးကလို ဗိုက်နာလို့ ၊ ခေါင်းကိုက်လို့ sound reason ပေးလို့ နရတော့ဖူးးးး.. ။ အဲဒီတော့ မိုးမျက်နှာပဲမော့ကြည့်နေရဒယ်..။ မိုးရွာလို့ကတော့ သွားဖူးဆို သွားဖူးပဲ ( အရမ်းကြိုးစားတာပဲနော် …ဟိ..ဟိ..)

တော်သေးပီ… ဒီမှာခဏနားဦးမည်…..

Read More...

Tuesday, July 3, 2007

Gtalk chat window Background လုပ်ရအောင်

ဒီတစ်ခါ… Gtalk ရဲ့ Chat Window မှာ ကိုယ့်နှစ်သက်တဲ့ Background Image လေးထဲ့ပီး emotion လှလှလေးတွေ သုံးပီး စကားပြောရအောင်…။ သိပီးတဲ့သူတွေလည်းရှိမှာပေါ့နော်…။ ဒါပေမယ့် မသိသေးတဲ့သူတွေ အတွက်လည်း background လှလှလေးတွေရသွားအောင်လို့ ထပ်ပီး မျှဝေလိုက်တယ်။

ပထမဆုံး ဒီမှာ "Download" အရင်ယူပါ။ install လုပ်ပီးရင် ကိုယ့်ရဲ့ Gtalk Stetting မှာ ဒီလိုလေးဝင် change လိုက်ပါ။
Setting >> Apperance >> Chat Theme >> MyTheme

အဲလိုလေး change ပီးသွားရင် ဖွင့်ထားတဲ့ Gtalk Chat Window လေးတွေကို ပိတ်လိုက်ပီး ပြန်ခေါ်လိုက်ပါ။ Chat Window ကို ပိတ်ဆိုလို့ Gtalk ကနေ logout လုပ်ရတာမှုတ်ဖူးနော်… အင်းး… အဲဒါ တိပီးတားလဲ ဖြစ်မှာပါ.. ချရာကြီးလုပ်ဒါ မှုတ်ဖူးးနော်… တချို့က Chat Window ပိတ်ဆိုတာကို Gtalk ကနေ Logout လုပ်သွားကြလို့။

Chat Window လေး ပိတ်ပီး ပြန်ခေါ်ပီးသကာလ Background လှလှလေးတွေ ရတွားပါသတည်း…

သြော်… အဲဒီ Default background လေးတွေ မကြိုက်ဖူးဆိုရင်…
Start>> All Programs >> Dash >> MyTheme >> ChangeBackground ထဲကနေ ကိုယ်နှစ်သက်တဲ့ ပုံလေးတွေ Browse လုပ်လိုက်ရင် ရတွားပါပီ။ ဒါပေမယ့် ကိုယ်တင်ချင်တဲ့ ပုံလေးရဲ့ Size က ကြီးနေမယ်ဆိုရင် ပုံအပြည့် ပေါ်မှာတော့ မဟုတ်ဖူးးနော်..။ size ကို နည်းနည်းတော့ ပြန်ညှိရမယ်။ အဲ Emotion လေးတွေ အတွက်လည်း မပူနဲ့
Start>> All Programs >> Dash >> MyTheme >> Help.pdf မှာ How to use Smiles? ဆိုတာလေးပါတယ်။ ရှာဖွေပီး ဖတ်ကြည့်လိုက်ပေါ့နော်။

မှတ်ချက်။ MyTheme ဆိုတော့ ကိုယ်တင်လိုက်တဲ့ ကိုယ့်ရဲ့ Background Theme လေးက ဟိုဘက်တစ်ခြားလူစီမှာ ပေါ်နေမှာတော့ မဟုတ်ပါဖူးး…။ အဲလို ဟိုဘက် ဒီဘက် အတူတူ မြင်ရမယ့် Background Software လေးကို တွေ့ရင်လည်း နှစ်ကူးကို ပြန်လက်တို့လိုက်ဦးနော်..။
အားလုံး Gtalk Chat Window Background နဲ့ Emotions လေးတွေ နဲ့ အတူတူ ပြုံးပျော်နိုင်ကြပါစေ။

နှစ်ကူးရဲ့ ခွဲဝေပေးခြင်းလေးကို ခဏနားဦးမည်။

Read More...

Monday, July 2, 2007

ပန်းချီပြပွဲသို့တစ်ခေါက်...


တနင်္ဂနွေနေ့က ပံသုစန္ဒာ ပန်းချီပြခန်းမှာ မင်းကွန်းက ပန်းချီဆရာကြီး ဆရာရာဟုလာ ရဲ့ “ ရေးဖြစ်ခဲ့သမျှအချို့ ” ဆိုတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲလေးကို ရောက်ဖြစ်ခဲ့ပါတယ်။ ပြပွဲအတွက် ဖိတ်စာလေးကို စနေနေ့ကမှရတော့ သွားဖို့အတွက်တွေးပြီး ပျော်နေမိပေမယ့်လည်း တကယ်တမ်း သွားမယ့်နေ့ရောက်တော့ ပြပွဲခန်းမထဲကိုဝင်ဖို့ တွန့်ဆုတ်နေတယ်။ နေရာမစိမ်းပေမယ့် လူတွေစိမ်းနေတော့ သွားဖို့ ကြောက်စိတ်က အလိုလိုဝင်လာတယ်။ ဒါနဲ့ပဲ ဆိုင်ကယ်ကို ပြန်ကွေ့၊ အိမ်ကိုတစ်ခေါက်ပြန်ပြီး ကိုယ့်စိတ်ကို အားပြန်တင်းပြီး နောက်တစ်ခေါက်ပြန်လာခဲ့တယ်။ ဆရာက မနက် ၉ နာရီ အရောက်လာပါလို့ မှာထားပေမယ့် တစ်ကယ်တမ်း ရောက်သွားတော့ ၁၁ နာရီတောင် ထိုးလုပြီ။ ဒီပြပွဲကို ပန်းချီဆရာ အတော်များများလည်း လာမှာဖြစ်လို့ ပန်းချီဆရာတွေ ပြောကြဆိုကြတယ့် ပန်းချီနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ ရနိုင်တာမို့ စောစောလာခဲ့ဖို့ မှာထားတယ်။ လူမကြောက်တတ်ပေမယ့် ၀င်သွားဖို့ တွန့်ဆုတ်နေလို့ မှာထားတဲ့ အချိန်ထက်လွန်နေတော့ ဆရာများအပြစ်တင် လေမလားဆိုပြီး လှမ်းကြည့်လိုက်တယ်။ ထုံးစံအတိုင်းပဲပေါ့ ပြုံးပြုံးကြီးနဲ့ လှမ်းကြိုပါတယ်။ အဲဒီတော့မှ သက်ပြင်းချနိုင်ပြီး ခပ်ကုပ်ကုပ်နဲ့ လွတ်နေတဲ့ခုံမှာ ၀င်ထိုင်လိုက်တယ်။ လာချပေးတဲ့ အအေးပုလင်းလေးကို သောက်ရင်းနဲ့ ဟိုတစ်စု၊ ဒီတစ်စု ကိုယ့်အုပ်စုနဲ့ကိုယ် စကားဝိုင်းဖွဲ့ နေသူတွေကို ဟိုကြည့် ဒီကြည့် လိုက်ကြည့်နေမိတယ်။ ကိုယ်သိတဲ့သူ တွေပါသလို၊ ကိုယ်မသိသေးတဲ့ သူအတော်များများလည်း ပါတယ်။ အခုလို စုံစုံညီညီ တစ်နေရာထဲမှာ ရောင်းရင်းတွေ ဆုံကြတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြသလို၊ အတွေ့အကြုံတွေလည်း နှီးနှောဖလှယ် နေကြတယ်။ နောက်လာဦးမယ့် ပန်းချီပြပွဲကြောင်းတွေ၊ နိုင်ငံရပ်ခြားကို သွားပြခဲ့ရတဲ့ ပြပွဲအတွေ့အကြုံတွေ စသဖြင့် ပြော၍မကုန်ကြဖူး။ တစ်အောင့်လောက်ကြာတော့ အပေါ်ထပ်မှာပါ ပြထားတဲ့ ပန်းချီကားတွေကို ကြည့်ဖို့ တက်သွားခဲ့တယ်။ အပေါ်ထပ်ရောက်တော့ ပြပွဲရှင် ဆရာ ရာဟုလာ ကဧည့်သည်အချို့နဲ့ စကားလက်ဆုံကျ နေပါတယ်။ အပေါ်ထပ်မှာတော့ အောက်ထပ်မှာလောက် လူမများဖူး။ အပေါ်တက်လာခါနီး ဆရာ့ကို ပန်းချီကားတွေ ဓါတ်ပုံရိုက်ယူဖို့ ခွင့်တောင်းခဲ့တာမို့ ကားတစ်ချို့ကို ဓါတ်ပုံရိုက်ယူလာခဲ့ပါသေးတယ်။ ရိုးသားစွာ ၀န်ခံရရင် ဒီပန်းချီကားတွေရဲ့ သဘောတရား အနှစ်သာရကို အပြည့်အ၀ မခံစားတတ် သေးပါဖူး။ အရောင်တွေကို ကစားထားတဲ့ သဘောတရားလောက်သာ သိတာပါ။ ကိုယ်တိုင်ကလည်း ပန်းချီကို စတင်လိုက်စားခါစမို့ ပုံတူ နှင့် ရှုမျှော်ခင်း

ဘက်ကိုသာ အားသန်နေခဲ့မိပါတယ်။ ဒါပေမယ့်လည်း Blog ကိုလာလည်တဲ့ သူတွေထဲမှာ ဒီလို ပန်းချီကားမျိုးလေးတွေကို စိတ်ဝင်စားသူတွေ ပါလာနိုင်တာမို့ ခံစားကြည့်နိုင်အောင် ပုံလေးတွေပါ တင်ထားပေးလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ရတနာပုံဈေး အပေါ်ထပ်မှာ ဓါတ်ပုံပြပွဲ ရှိတယ် သွားလိုက်အုံး လို့ ဆရာက သတင်းပေးတော့ အဲဒီ ပြပွဲကိုလည်း မလွတ်တမ်း သွားခဲ့သေးပါကြောင်း…..





ဆရာ ရာဟုလာ ကို ပန်းချီကားများနဲ့အတူ တွေ့ရစဉ်…








ဒါက နှစ်ကူးတို့ရဲ့ Teacher ဆရာစော…

ဒါပုံက ပြပွဲလာ ဧည့်သည့်များ










နှစ်ကူး၏ ပန်းချီပြပွဲသို့ တစ်ခေါက် ဤတွင် ခဏနားဦးမည်…

.

Read More...

Saturday, June 30, 2007

ကြားသိတွေးမိသမျှ

မြန်မာတိုင်းစာစောင်ထဲက အတွေးအမြင် ကဏ္ဍလေးမှာ (မ)ခင်မြတ် ရေးသားခဲ့တဲ့ “ဘ၀ ကပေးတဲ့ဇော” ဆိုတဲ့ ဒီဆောင်းပါးလေးကို ဖတ်မိပြီး နှစ်သက်လို့ ပြန်မျှဝေပေးချင်ပါတယ်..။

ခရီးသည်အတော်များများ အိပ်မောကျနေတဲ့ အချိန်မှာ ကျိုက်ထီးရိုးစေတီရှိရာဆီ ဖြည်းဖြည်းမှန်မှန် မောင်းနှင်နေတဲ့ ကားသမားကိုကြည့်ရင်း အတွေးနယ်ချဲ့မိပါတယ်။ သူသည်လည်းပဲ အိပ်ချင်စိတ်ရှိနေမှာ ဖြစ်ပေမယ့် သူ့ရဲ့ငိုက်မည်းမှုတစ်ချက်မှာ ခရီးသည်များစွာရဲ့ အသက်အိုးအိမ်ဟာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ရှိတာကြောင့် တစ်ယောက်တည်း ညဥ့်ယံကို အန်တုပြီး ခရီးရဲ့ပန်းတိုင်ကို အရောက်သွားလျှက်ရှိပါတယ်။ ဒါကြောင့်လည်း ခရီးသည်တွေကို လိုရာခရီး ချောချောမွေ့မွေ့ အရောက်ပို့ဖို့ဆိုတဲ့ သူ့ရဲ့တာဝန်ကြီးကို ပြီးမြောက်ဖို့ သတိရှိရှိ ကျော်ဖြတ်နေတာပါ။

ကျိုက်ထီးရိုးတောင်ခြေ ရသေ့တောင်စခန်းမှာလည်း တောင်ပေါ်ကဆင်းလာတဲ့ ဘုရားဖူးတွေ ၊ အခုမှတက်မယ့် ဘုရားဖူးတွေ အပါအ၀င် ၀င်ငွေရဖို့ ခရီးသည် အလုအယက် ရှာဖွေနေကြတဲ့ ကားသမားတွေ၊ ကိုယ့်ဆိုင်ထဲ လူဝင်ဖို့ရာ အပြိုင်အဆိုင် ခေါ်နေကြတဲ့ ဈေးသည်တွေ၊ အထမ်းရဖို့ စောင့်နေရတဲ့ အကူအထမ်းသမားတွေနဲ့ ပျားပန်းခပ်မျှ ရှုပ်ထွေးနေပါတယ်။

အဲဒီအထဲမှာ အားအစိုက်ရဆုံး၊ အပင်ပန်းဆုံးက အထမ်းသမားတွေပဲ ဖြစ်ပါတယ်။ အထုပ်အပိုး ငါးအိတ်လောက်ကို ခြင်းကြီးတစ်လုံးထဲထည့်ပြီး တောင်ပေါ်ကို ခြေလှမ်းမှန်မှန်နဲ့ တက်သွားတဲ့ အကူအထမ်းသမားတွေကို တောင်ခြေမှာပဲဖြစ်ဖြစ်၊ တောင်ပေါ်မှာပဲဖြစ်ဖြစ် ဟိုတစ်ကွက် ဒီတစ်ကွက် တွေ့နေရပါတယ်..။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁,၀၀၀ ကျော်ရှိတဲ့ ကျိုက်ထီးရိုးတောင်ပေါ်ကို ဘုရားဖူးတိုင်းလိုလို တောင်ဝှေးအားကိုးနဲ့ ချွေးသီးချွေးပေါက် ပြိုက်ပြိုက်ကျအောင် တက်နေရတဲ့အချိန်မှာ ဒီအထမ်းသမားတွေကတော့ တောင်စောင်းလေးကို မှီပြီးနားလိုက်တက်လိုက် ၀မ်းစာရှာဖွေနေတာ မွန်းမတည့်ခင် အနည်းဆုံး လေးခေါက်လောက်တော့ ရှိပြီတဲ့။

ဒီအကူအထမ်းသမားတွေဟာလည်း အသက်အရွယ်အစုံပါပဲ။ စာရေးသူတို့ တောင်ပေါ် အတက်တစ်ဝက် လောက်ရောက်တော့ ကလေးမလေးတစ်ယောက် ပစ္စည်းတွေပြွတ်သိပ် ထည့်ထားလို့ ဖောင်းကားနေတဲ့ ခရီးဆောင်အိတ်ကြီးနှစ်လုံး ထည့်ထားတဲ့ ခြင်းတောင်းကြီး ကိုထမ်းရင်း ဘယ်ညာမတိမ်းအောင် ခြေကိုဆပြီး လှမ်းလာနေတာကိုလည်း တွေ့ရပါတယ်။

စာရေးသူတို့ကားက ယာဉ်မောင်းသမားကြီး အပါအ၀င် တောင်ပေါ်ကို ခေါက်တုန့်ခေါက်ပြန် သွားနေတဲ့ အကူအထမ်းသမားတွေရဲ့ လှုပ်ရှားမှုကို မြင်ရတဲ့အချိန်မှာ စာရေးသူ နားလည်လိုက်မိတာကတော့ မိမိရဲ့ဘ၀အခြေအနေကပေးတဲ့ “ ဇော ” ဆိုတဲ့ အဓိပ္ပါယ် ကိုပါပဲ။

ဒီမြင့်မားလှတဲ့ တောင်ကြီးတွေကို အမှုမထားနိုင်ဘဲ မိမိ( မိသားစု) ရဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လှုပ်ရှားရုန်းကန်ရတဲ့အခါ ဇောအရှိန် တစ်ခုက လိုအပ်ပါတယ်။ ခြေလှမ်းတိုင်းမှာ ချွေးကျတာမှန်ပေမယ့် ဒါဟာ မိသားစုရဲ့ ဆာလောင်မှုကို ငြိမ်းသတ်ပေးမယ့် ဆေးတစ်ခွက် ဖြစ်နေတာမို့ ပင်ပန်းလှချည်ရဲ့လို့ ထိုင်ညည်းတွား နေလို့လည်း ဆာလောင်မှုတွေဟာ အဆင်ပြေမသွားနိုင်ပါဖူး။ ဒါကြောင့် ဒီဇောတစ်ခုသာ မရှိရင်တော့…. အရှိန်သေသွားရင်တော့…. သူတို့ရဲ့ ညစာဟာ….။

ဒီအခြေအနေဟာ စာရေးသူကိုလည်း တပ်လှန့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ စာရေးသူတို့ ဘ၀ဟာ သူတို့လောက် ခက်ခဲကြမ်းတမ်းမှု မရှိပေမယ့် လူတိုင်းမှာ သူ့လိုအပ်ချက်နဲ့သူ၊ သူ့ရယူလိုမှုနဲ့သူ ရှိနေပါတယ်။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းရောက်ဖို့ ကြိုးစားကြတဲ့အခါ ခုနက အထမ်းသမားတွေလိုပဲ ခရီးရောက်ဖို့ ပင်ပင်ပန်းပန်းနဲ့ ခြေလှမ်းရသလို စာရေးသူတို့လည်း လိုချင်စိတ်ဇောအဟုန်နဲ့ ကြိုးစားရမှာလို့ သဘောပေါက်မိပါတယ်။

လုံခြုံတဲ့ အိမ်တစ်အိမ်၊ သက်တောင့်သက်သာ ရှိတဲ့အိပ်ရာမှာ အိပ်စက်ရင်း ငါဖြစ်ချင်တဲ့ ရည်မှန်းချက်ကို မရောက်သေးပါလားလို့ ညည်းတွားနေတဲ့သူ၊ သင်တန်းတစ်ခုတက်ဖို့ မနက်အိပ်ရာ စောစောထရတာကို ပင်ပန်းလှချည်ရဲ့လို့ စိတ်ပျက်နေတဲ့သူ၊ လိုအပ်ချက်ကြောင့် ညဥ့်နက်ထိ စာဖတ်ရတာကို ဘ၀ဟာခက်ခဲလှချည်ရဲ့လို့ အောက်မေ့နေတဲ့သူ ကိုယ်ဖြစ်နေသလားလို့ စစ်စစ်ပေါက်ပေါက် တွေးရင်း ကိုယ့်ဘာသာကို ကြိတ်ပြီးရှက်မိပါတော့တယ်။

ဆောင်းပါးလေးကတော့ ဒါပါပဲ…။ ဒါလေးကိုဖတ်လိုက်ရတော့ အတွေးတွေ အများကြီးဝင်လာပါတယ်..။ လူရယ်လို့ ဖြစ်လာခဲ့ရင် “ရည်ရွယ်ချက် ပန်းတိုင်” ဆိုတာတော့ ရှိသင့်တယ်..။ မရှိခဲ့ရင်တော့ အရည်အသွေး မပြည့်မှီတဲ့သူ ဖြစ်သွားလိမ့်မယ်။ လူဆိုတာ နှစ်မျိုးနှစ်စား ရှိတယ်။ “ရည်ရွယ်ချက် ပန်းတိုင်” ကိုသိပြီး မျှော်လင့်နေတာ နဲ့ သိပြီး မရရအောင် ကြိုးစားတာပဲ..။ မျှော်လင့်နေတဲ့သူက ကံတရားကို အားကိုးတဲ့ လူစားဖြစ်ပြီးမရရအောင်ကြိုးစားသူကတော့ ၀ီရိယကို အားကိုးတဲ့ လူစားပဲ။ လောကမှာ ချမ်းသာသူတွေ၊ အောင်မြင်သူတွေ၊ အထွဋ်အထိပ် ကိုရောက်နေတဲ့သူတွေဟာ ကံကောင်းလို့ရတာထက် ၀ီရိယနဲ့ ကြိုးစားအားထုတ်မှု ကောင်းတဲ့သူတွေဆိုတာ သဘောပေါက် ကွဲပြားသင့်တယ်။ “ကံကောင်းရင် ဘုရားဖြစ်မယ်” ဆိုတာ မရှိဖူး။ “ကြိုးစားရင် ဘုရားဖြစ်နိုင်တယ်” ဆိုတဲ့ စကားပုံပဲရှိတယ်။

ကိုယ့်ရည်မှန်းချက်ကို ဇွဲနဲ့စွဲစွဲမြဲမြဲ လုပ်မယ်ဆိုရင် တစ်နေ့မှာ ဖြစ်ချင်တာ ဖြစ်လာမယ်ဆိုတာ မလွဲပါဖူး။ “ရည်ရွယ်ချက်” ၊ “ရည်မှန်းချက်” ကြီးမားလေလေ.. အခက်အခဲ အတားအဆီး များလေလေ ဖြစ်တယ်။ အဲဒီ အခက်အခဲ အတားအဆီးများကို မြင်နေလျှင် “ပန်းတိုင်” ဆီကို ရောက်တော့မည်မဟုတ်ပေ။

ဆင်းရဲဒုက္ခ အရင်းခံ၍ အနစ်နာခံသူ..၊ အဆက်မပြတ် အားထုတ်သူ… တို့သာလျှင် အောင်မြင်တိုးတက် ကြမည်မှာမလွဲ။ ပြင်းပြတဲ့ “စိတ်ဆန္ဒ” နဲ့ မဖြစ်ဖြစ်အောင် လုပ်မည်ဟူသော “ဇွဲ” ရှိရင် “အောင်မြင်မှု” ဆိုတာလည်း လက်တစ်ကမ်းအလိုမှာ ရှိနေမှာလည်း မုချမလွဲ ဧကန်ပင်။


နှစ်ကူးရဲ့ အတွေးအမြင်လေး ဤတွင် ခဏနားမည်။

Read More...

Tuesday, June 26, 2007

ခဲပန်းချီအကြောင်း ( ၈ )

ကဲ ဒီတစ်ခါလည်း ကိုယ်တိုင်ဆွဲထားတဲ့ figure ပုံလေးတွေပဲထပ်ပြအုံးမယ်နော်..။ ပုံတွေက Texture ပိုင်းမှာ အားနည်းနေပါသေးတယ်..။ Tone ပြည့်အောင် ရဲရဲတင်းတင်း မဖြည့်ရဲသေးဖူး။ ဒီပုံတွေကတော့ ပန်းချီစာအုပ်ထဲက သူများ Tone ခွဲထားပြီးသား ပုံလေးတွေ ကြည့်ပြီး လေ့ကျင့်ထားတဲ့ပုံတွေပါ..။ စစဆွဲခြင်းမှာတုန်းကတော့ ပုံတွေက Tone မပြည့်ဖူး။ မှုန်မှုန်လေးပါပဲ။ အနည်းဆုံးတော့ ၂ ToneTone လောက်တော့ ရှိသင့်တယ်။ ဒါကလည်း ဆရာပြောပြချက်ပါ။ ဆရာက ပြောလည်းပြော ပြင်လဲပြင် လိုက်ပါတယ်..။ ကိုယ်ဆွဲထားတဲ့ ပုံဆိုတော့ ကိုယ့်ဘာကိုယ်တော့ အပြစ်ကရှာလို့ မတွေ့ပါဖူး..။ လှနေတာပဲ။ ဒါပေမယ့် အခုလိုဆရာက အမှားတွေ ပြင်လိုက်တော့လည်း ပုံတွေက Tone ပြည့်ပြီးတော့ ရုပ်လုံးပိုပေါ်လာတယ်။

ဩော်…စကားမစပ်.. ဆရာမက ပန်းချီနဲ့ပတ်သတ်တဲ့ အခြေခံသဘောတရားလေးတွေ ပြည့်စုံပြီလို့ သတ်မှတ်လို့ နှစ်ကူးတို့ကို ဆရာနဲ့မိတ်ဆက်ပေးပါတယ်..။ စနေ၊ တနင်္ဂနွေ မှာတက်ရောက်ကျတဲ့ သင်တန်းသားတွေကို ဆရာက ပန်းချီနဲ့ပတ်သတ်တဲ့ အယူအဆတွေ ဆက်လက်သင်ပေးသွားမှာ ဖြစ်တဲ့အကြောင်းပြောပါတယ်။ ဆရာကိုမြင်တော့ တော်တော်လေး ကြောက်သွားခဲ့တယ်။ ဆရာပုံသဏ္ဍာန်က အရပ်ထောင်ထောင်မောင်းမောင်း ၊ မျက်နှာမှာ မုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးတွေ များနဲ့အတူ ဂုတ်ပေါ်မှာ ၀ဲကျနေသော အဖြူ အနက် ပေါင်းလျှက် ဆံပင်ကောက်ကောက် များနှင့်ဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အကြောင်းကို အပြင်ပုံပန်းသဏ္ဍာန်ကြည့်ပီး ဆုံးဖြတ်ချက်ချလို့မရနိုင်ဖူးဆိုတာ… သင်တန်းကာလ ကြာလာတာနဲ့အမျှ တဖြေးဖြေး သဘောပေါက်လာပါတယ်။ ပန်းချီအကြောင်းပြောနေလျှင် အချိန်နာရီတွေ မေ့နေတတ်သော၊ ကျောင်းသားတွေပေါ်မှာ စိတ်ရှည်သီးခံတတ်သော ဆရာကို လေးစားလာပါတယ်။ ဒါဟာ ဆရာရဲ့အကြောင်း တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။

ဒီပုံနှစ်ပုံက ပုံကြမ်းကောက်ထားတဲ့ပုံ နဲ့ Tone ဖြည့်ပြီးသားပုံပါ...။





ဤနေရာတွင် ခဲပန်းချီအကြောင်း ခဏနားဦးမည်...။

နှစ်ကူး

Read More...

Monday, June 25, 2007

ခဲပန်းချီအကြောင်း ( ၇ )

ဒီနေ့တော့ နှစ်ကူးဆွဲထားတဲ့ ပန်းချီပုံလေးတွေပဲ post တင်ထားအုံးမယ်..။ နောက်ရက်တွေကြရင် ဆွဲထားတဲ့ ပန်းချီအကြောင်းလေးတွေ ထပ်ပြောတာပေါ့…။ စာရေးတဲ့ အရေးအသားဘက်မှာ အားနည်းတော့ ဘယ်ကစပြီး ဘယ်လိုရေးရမလဲ အတော်စဉ်းစားနေတာနဲ့ ခဲပန်းချီအကြောင်း post သစ်မတင်ဖြစ်တာ တော်တော်ကြာသွားတယ်..။

ဒီပုံလေးက figure ပုံတွေဆွဲကြည့်မယ်ဆိုပီး အပြင်က ညီမကို model ထိုင်ခိုင်း သူ့ကို ကြည့်ဆွဲထားတာ..။ ပုံကြမ်းတော့ ကောက်လို့ရပါရဲ့ Tone မဖြည့်တတ်လို့ ဒီတိုင်းထားထားတာ။ နောက်ရက် သင်တန်းကို ရောက်တော့ teacher ကို ပြလိုက်တော့ teacher က သင်တန်းသားတစ်ယောက် ဆွဲထားတဲ့ မျက်နှာပုံလေးကိုပြတယ်..။ အားပါး.. စိတ်ကူးနဲ့ ဆွဲထားတဲ့ အမျိုးသမီးတစ်ယောက်ပုံက တော်တော်အသက်ဝင်တယ်..။ အဲဒီသင်တန်းသား ကလဲ ဒီလို ပုံပေါင်း အများကြီး လေ့ကျင့်ပီးမှ နောက်ဆုံးဒီလို အချိုးကျကျ ထွက်လာတာပါ..။ “ ဒီတော့ နှစ်ကူးရေ… အားမလျှော့နဲ့ ” လို့ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ အဲဒီနေ့ကတည်းက figure တွေစဆွဲရတော့တယ်..။ အဲဒီပုံလေးတွေကတော့ နောက်ရက်ကြမှနော်.. :P

ဒီနှစ်ပုံက Teacher ပြတဲ့ သင်တန်းသားတစ်ယောက်ရဲ့ ပုံလေးနှစ်ပုံပါ။။









ဤနေရာတွင် ခဲပန်းချီ အကြောင်း ခဏနားဦးမည်။







Read More...

Thursday, June 21, 2007

မိုးရွာသော...တစ်နေ့... မန္တလေးပုံရိပ်

တတ်ကုန်ကြပြန်ပီ.. အဒူခြေမကိုစချိုးရမလဲ…အဲ..မှားလို့ ဘယ်ကနေစပီး မိုးရွာရင် ကောင်းပ!! ..မိုး…မိုး…မိုး… ဘယ်လိုရွာရင်ကောင်းမလဲ…။ အဲ တိပီ.. “ သင်္ကြန်မိုး ” … ဟုတ်ပီ .. သင်္ကြန်မိုး နဲ့စရွာလိုက်တော့မယ်နော်..။ မန်းလေးမိုးလို့ ဆိုလိုက်ရင် ဂန္တ၀င်ရုပ်ရှင်ကားကြီး တစ်ကားဖြစ်တဲ့ “ သင်္ကြန်မိုး ” ၊ မန္တလေးမြို့ရဲ့ အငွေ့အသက်တွေ လွှမ်းထုံနေတဲ့ ဟောဒီ ။ “ သင်္ကြန်မိုး ” ကို မေ့ထားလို့ မဖြစ်သလို.. ၊ တစ်နှစ်မှ တစ်ခါသာပွင့်ဖူးသော သင်္ကြန်ရဲ့ သင်္ကေတဖြစ်တဲ့ ပန်းပိတောက် ကိုဖူးပွင့်စေသောမိုး။ ဤမိုးကို “ သင်္ကြန်မိုး ” ဟုခေါ်၏။

~~ ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ ပွဲမှာ
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေလဲ…
ရာသီချိန်မှီ လန်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင်လှသတဲ့ တင့်မှာမို့ ..
မိုးပြေးနဲ့ အရောက်လာ ပန်းပွင့်ဖို့ရာ..
မြူးကြွတဲ့ သင်္ကြန်အခါ..
လန်းဆန်းတဲ့ မိုးရယ်… မိုးပြေးလေးရေ….
ပိတောက်ပန်းပွင့်ရုံစိုရုံ… ဖြန်းပက်အုံး.. ~~

ဒီသီချင်းလေးဟာ အဆိုတော် မင်းသားကြီး ဦးဇော်ဝမ်း က ပိတောက်ပန်း ပွင့်ရုံ ၊ စိုရုံ ဖြန်းပက်ဖို့သာ သီဆိုခဲ့ပေမယ့် လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်လောက်ကတော့ “ မိုးပြေးလေး ” က သူနဲ့ အတူ “ လေမုန်တိုင်းလေး ” ကိုပါ ခေါ်လာတော့ မဏ္ဍာပ်တွေ ပြိုလုလု ဖရိုဖရဲတွေ ဖြစ်ကုန်ခဲ့ပါတယ်…။ မဏ္ဍာပ်ရှင်တွေ ထိုင်ငိုရခဲ့ရတဲ့နှစ်လို့ ခေါ်လို့ရတဲ့ နှစ်လို့ဆိုရင်လဲ မမှားနိုင်ပါဖူး။ မည်သို့ပင် ဆိုစေကာမူ မဏ္ဍာပ်ရှင်များ အပါအ၀င် မြန်မာပြည်အနှံ့ မှာရှိတဲ့ လူအတော်များများက “ သင်္ကြန်မိုး ” ကို စောင့်မျှော်နေမယ်ဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။ ( ရာသီဥတု ကလည်းပူတာကိုး .. မီးမမှန်တော့ သဘာဝက အလကားပေးထားတဲ့ အဲယားကွန်းကို တောင့်တတာ ဆန်းပါဖူးနော်… :P )
မိုး ကိုအမျှော်ကြီးမျှော် ကြတဲ့သူတွေထဲမှာ ကလေးတွေက ထိပ်ဆုံးကဖြစ်မယ်။ ဟိုး..ငယ်ငယ်တုန်းက ၄ တန်းနှစ်လောက်မှာ … မိုးစွေလိုက်ပုံများ နေ့တိုင်း မိုးအရမ်းရွာတော့ စာသင်ခန်းထဲ ရေတွေဝင်လို့် ကျောင်းခဏပိတ်ထား ရတဲ့အထိပဲ။ နွေရာသီ ကျောင်းပိတ်ရက် အပြင် မိုးရာသီ ကျောင်းပိတ်ရက် ထပ်တိုးသွားတာပေါ့။ ကျူရှင်လဲမသွားရ ၊ ကျောင်းကလဲ ခဏပိတ်ထား ဆိုတော့ ကလေးအတွေးနဲ့ အရမ်းကို ပျော်ခဲ့ဖူးတယ်။ အဲဒီ အကျင့်ကတော့ အရိုးစွဲသွားပီ… ကြီးတဲ့အထိ ပါလာခဲ့တယ်..။ ( မိုးရွာရင် reason မလိုပဲ ကျောင်းပျက်လို့ရတယ်လို့ )…။ ဟ…ဟ..။ အိမ်စာတွေ မပီးသေး ၊ စာကလည်း မရသေးတဲ့ ကလေးတစ်ယောက်က ကျောင်းသွားချိန်မှာ မိုးသည်းသည်းရွာလိုက်ရင် သူ့အတွက်ကတော့ ထီသိန်းဆုကြီး ပေါက်သွားခြင်းပဲ။ သူငယ်ချင်းတို့ရော ငယ်ငယ်တုန်းက မိုးရွာတာကို နှစ်သက်ကြလား?? ကျောင်းပျော်တဲ့ သူကတော့ .. ငြင်းမှာပေါ့ “ဟင့်အင်း” လို့။
တစ်ချို့ဘောလုံး ၀ါသနာအိုးတွေကလည်း မိုးရွာတာနဲ့ ဘောလုံးပိုက်ပီး လမ်းထိပ်ရောက်နေပီ။ အင်း…ဒီလို.. ၀ါသနာကြီးသူတွေထဲက လက်ရွေးစင် ဘောလုံးသမားတွေ ဖြစ်မသွားနိုင်ဖူး ပြောလို့မရဖူးလေ… ဒီလို.. မိုးထဲ လေထဲ training ဆင်းခဲ့ရတော့ ပြိုင်ပွဲမှာ ကွင်းထဲမိုးရွာလို့ကတော့ တစ်ပန်းသာပီ..။ ( ဖြစ်နိုင်မယ်ထင်ဒါဘဲ..။ အဟိ.. )
အဲ…ရှိသေးတယ်..။ မိုးရွာပြီ ဆိုတာနဲ့ မိုးရေချိုးမယ်လို့ ပူဆာတာလဲ .. ကလေးတွေပဲ ..။ အိမ်ကလူကြီးတွေက မီးစိမ်းပြလိုက်တာနဲ့ .. “ ဟေး ” ခနဲ့ ပြေးထွက်သွားတာ နောက်က မှာတမ်းတွေတောင် ဆုံးအောင်နားမထောင်ဖူး..။ မိုးတိတ်သွားရင် မိုးပြန်ခေါ်လို့ မရနိုင်ဖူးလေ…။ အိမ်ရှေ့ ပက်လက်ဖောင်း လူသွားလမ်းပျောက်ပြီး ရေပြင်ကြီး ဖြစ်သွားလို့ကတော့ လက်ပစ်ကူးပီးသားပဲ။ ( ရေကူးချန်ပီယံတွေများ ဖြစ်သွားမလားပဲ ... ) ဗွက်ရေ၊ မြှောင်းရေ ဘာမှမစဉ်းစားပဲ ပတ်ဝန်းကျင်ကို မေ့ပီး ပျော်နေလိုက်ကြတာ။ ပါးစပ်ထဲရေ၀င်မှာတော့ စိုးရိမ်ပုံနဲ့ ပါးစပ်လေးတွေကို အတင်းပိတ်ပီး ရေထဲမှာ “ တစ်ဗွမ်း…ဗွမ်း ” နဲ့။ သူတို့ ပျော်နေကြတာကိုကြည့်ပီး ကိုယ့်ဆီတောင် အပျော်တွေကူးလာတယ်…။ ရွှေလိုဥပီး ပိုးမွေးသလို မွေးထားတဲ့ ကလေးများကြတော့ ခြူခြာလိုက်ပုံများ …။ နှစ်ကူး ငယ်ငယ်တုန်းကတော့ မိုးရွာရင် ကုတင်အောက်တွေ ၀င်ပုန်းရတာ သဘောကျတယ်…။ ကြောက်လို့မှုတ်ဖူး.. အဲဒါ ပျော်လို့ ..ဟိ..ဟိ…( တစ်ညိုးရီးပဲနော်.. )
မိုးရွာတာကို အိမ်ထဲကနေ ထိုင်ကြည့်ရတာလည်း… အရသာတစ်မျိုးပဲ..။ မိုးရေထဲမှာ ကြွက်စုတ်လေးတွေ ဖြစ်နေတဲ့သူတွေ ၊ ဆိုင်ကယ်ပျက်လို့ တွန်းနေတဲ့သူတွေ ၊ ကားပျက်လို့ လမ်းဘေးမှာ ရပ်ထားရတဲ့သူတွေ ဒါတွေကတော့ မရိုးနိုင်တဲ့ မြင်ကွင်းတွေပါ။ ( ဪ… သူများတွေမှ စိတ်ညစ်နေပါဒယ်ဆိုမှ နှစ်ကူးတစ်ယောက်ကတော့ အားမနာပ ကြည့်နေလိုက်တာ ) ။ ကိုယ်တိုင်လဲ ဒါမျိုး ကြုံဖူးတာပေါ့။ သူငယ်ချင်းတွေ စုပီး ဆိုင်ကယ်နဲ့ လျှောက်လည်တုန်းက လမ်းမှာမိုးမိရော။ လျှောက်လည်တာဆိုတော့ ရှိုးအပြည့်ပေါ့။ မကြာပါဖူး.. မိုးမိတော့ ကြွက်စုတ်လေးဖြစ်သွားတယ်..။ ကျောပိုးအိတ်က မိုးကာသား ဆိုပေမယ့် အထဲက ပစ္စည်းတွေမိုးစိုကုန်မှာ စိုးလို့ ဆိုင်ကယ်ကို အရှိန်မြှင့် လိုက်ပြန်တော့လည်း မိုးသီးမိုးပေါက်တွေက မျက်နှာကို ခဲနဲ့ပစ်ပေါက်လိုက်သလားပဲ။ ချမ်းလိုက်တာများ အရိုးကွဲမတတ်။ ချမ်းလွန်းလို့ သွားချင်းရိုက်တာ ပါးတွေလဲညောင်းလို့...။ မိုးမိတဲ့ အရသာကို တော်တော်လေး စိတ်ကုန်သွားတယ်။ အိမ်ကို ရောက်တော့ ရေစိုဝတ်တွေ ချက်ချင်းလဲပီး စောင်ထဲမှာ ကွေးပလိုက်တော့လည်း ဇိမ်ကျလိုက်ပုံများ… ဟ… ဟ.. ။ ဒီလိုတော့လည်း မိုးမိလာတာ တော်တော်ကောင်းသလိုလိုပဲနော်.… :P
ကဲ နှစ်ကူးတစ်ယောက်တော့ မိုးရွာပီးပီ…။ ထူးထူးခြားခြား ဒီနေ့ည ၉ နာရီခွဲ လောက်မှာ မစို့မပို့ မိုးလေးရွာလိုက်သေးတယ်…။ မိုးရွာတော့ မီးပါပျက်သွားတယ် …။

မီးဘာကြောင့် ပျက်ရတယ် … မိုးရွာလို့ ပျက်ရတယ်… ၊
မိုးဘာကြောင့်ရွာရတယ် … နှစ်ကူး ရွာလို့ လိုက်ရွာတယ်..။
နှစ်ကူး ဘာကြောင့် မိုးရွာတယ်… ၊ ဖိုးချမ်း Tag လို့ ရွာရတယ်..။
ဖိုးချမ်းဘာကြောင့် Tag ရတယ်… ၊ Tag ချင်လို့ Tag ပါတယ်..။

ကဲ နှစ်ကူးကလည်း အ Tag မခံရသေးသူများကို ထပ် Tag လိုက်မယ်… အပ်ချလောင်းးးး….

မစု
ဆရာစစ်ကိုင်း

Read More...

Thursday, June 14, 2007

ကျောက်နဂါး သို့တစ်ခေါက်…

ကျောက်နဂါး သို့တစ်ခေါက်…
ဒီတစ်ခါ စဉ်းစားမိတာက ကိုယ်ကိုယ်တိုင် ရောက်ခဲ့ဖူးတဲ့ လူသိမများသေးတဲ့ နေရာဒေသ တစ်ချို့အကြောင်းကို post တင်ရင်ကောင်းမယ်ဆိုပြီး ၂၀၀၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့က သွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆင်ဂေါင်းတောင်က “ ကျောက်နဂါး ” သွားခဲ့တာကို သတိရလိုက်တယ်။ အဲဒီ “ ကျောက်နဂါး ” ကို ကိုယ်ကိုယ်တိုင် ကလည်း သူများညွှန်လို့ ရောက်ခဲ့တာဆိုတော့…။ ကျန်တဲ့ မသိသေးသူများ အတွက်ကိုလည်း ရည်ရွယ်ပြီး ဒီ Post လေးကို တင်ဖြစ်ခဲ့တာပါ….။
နှစ်စဉ် အခါကြီးရက်ကြီး များဖြစ်တဲ့ သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ ၊ ၀ါဆိုလပြည့်နေ့ ၊ သီတင်းကျွတ်လပြည့်နေ့ ၊ တန်ဆောင်မုန်းလပြည့်နေ့ နဲ့ တရုတ်နှစ်သစ်ကူးနေ့ တွေလို နေ့မျိုးတွေဆို မာမားက နှစ်ကူးတို့ မောင်နှစ်မ တစ်စုနဲ့အတူ၊ သူ့အစ်မ မိသားစု၊ ယောင်းမမိသားစုတွေနဲ့ စုပြီး မန္တလေးမြို့ အနီးအနားတစ်ဝိုက် ခရီးတိုလေးတွေ ထွက်ဖြစ်ကြတယ်။ အမြဲတမ်း သွားဖြစ်တဲ့ နေရာတွေကတော့ စစ်ကိုင်းဘက်က ကံတလူ၊ ကောင်းမှုတော်ဘုရား၊ ပတ္တမြားစေတီ၊ ဆွမ်းဦးပုညရှင်… စသဖြင့်ပေါ့လေ…။
ပြီးခဲ့တဲ့ ၂၀၀၅ တန်ဆောင်မုန်းလပြည့် နေ့ကတော့ မုံရွာကအဒေါ် ( အမေ့ရဲ့အမ ) က မိုးပေါ်ကျကထိန်ခင်းဖြစ်ရင် မန္တလေးကို လာခဲ့မယ်တဲ့။ နှစ်ကူးတို့ မိသားစုတွေက အဲလိုမိုးပေါ်ကျ ကထိန်ခင်းပြီးတိုင်း တစ်နေရာရာကို ဘုရားဖူးသွားနေကြဆိုတော့ အဲဒီနှစ်ကလည်း ကထိန်ခင်းပြီးတာနဲ့ ဘယ်ကိုသွားကြမလဲလို့ လူကြီးတွေက တိုင်ပင်ကြတော့ မြင်းမူဘက်မှာရှိတဲ့ “ ကျောက်နဂါး ” သွားမယ်ဆိုပဲ။ အဲဒီ “ ကျောက်နဂါး ” ကို ဘယ်ကဘယ်လိုသိပြီး သွားကြတာလဲတော့သိဖူး။ ( မရောက်ဖူးသေးတဲ့ နေရာကိုသွားရမှာဆိုဒေါာ့ ပျော်နေတာပဲ သိဒယ်။ ဟိ..ဟိ..)
အခုရေးထားတဲ့ ခရီးစဉ်က ၂၀၀၅ တုန်းက သွားခဲ့တာဆိုတော့ တဖြည်းဖြည်းချင်း စဉ်းစားပြီး ရေးရတော့ ခရီးသိပ်မတွင်ဖူး..။ မှတ်မိသလောက်ကတော့ အဲဒီကို နေ့ချင်းပြန်သွားတာရယ်၊ အသွားမှာ ကားဘီးပေါက်လို့ ကားကြုံလိုက်ပြီး ဘီးဖာတုန်း သူများယာခင်းဘေးမှာ ခင်းကျင်းပြီး နေ့လည်စာ စားခဲ့ရတာတွေတော့ တန်းမှတ်မိလိုက်တယ်။ ကထိန်ခင်းတဲ့လဆိုတော့ အဲဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကထိန်လာခင်းတဲ့ သူတွေနဲ့လည်း စည်စည်ကားကား ဖြစ်နေတယ်။
“ ကျောက်နဂါး ” ရဲ့ဖြစ်စဉ် နဲ့ ရည်ရွယ်ချက်လေးကို အဲဒီက ယူလာခဲ့တဲ့ လက်ကမ်းစာစောင်လေး ထဲကတစ်ဆင့် ကူးယူဖော်ပြ ပေးလိုက်ပါတယ်။
“ ဆင်ဂေါင်းတောင် အနောက် ၊ ကျောက်မျက်ကရေပေါ်
“၀”ဘုရားခြေအောက် ၊ နဂါးရေသောက် ”
ရှေးလူကြီးသူမများ ထပ်ဆင့်စကားအရ၊ မြောင် ( ဆင်ဂေါင်းတောင် ) တွင် ဤတစ်ဘောင် ပေါ်ခဲ့ဖူးသည်ဟူ၏။ ကြားဖူးသူရှိသလို ၊ မကြားဖူးသူလည်း ရှိပါမည်။
တိုက်ဆိုင်သည်ဟုဆိုလိုက ဆိုနိုင်ပါသည်။ ဦးရဲမြင့် ( M.P.P.E ) ဦးဆောင်သော နေလကမ္ဘာနယ်လှည့် သာသနာ့အကျိုးဆောင်အဖွဲ့ ရောက်ရှိလာပြီး ငွေကျပ်သိန်း ၂၀ ခန့် လှူဒါန်း၍ ဆင်ဂေါင်းတောင် အနောက်တောင်ဘက် တောင်စွယ်ပေါ်တွင် “၀” ဘုရားတည်ပါသည်။ အနောက်ဘက် ကျောက်ကျစ်တောင်ကျောထိပ်တွင် ဗိုလ်ကြီးခင်မောင်ဦး မိသားစု ( M.P.P.E ) မှ ငွေကျပ် ၁၀ သိန်းခန့် လှူဒါန်း၍ PH ( 7.4 ) အဆင့်ရှိ ရေချိုရေသန့် ထွက်အောင် စက်တွင်းတစ်တွင်း တူးပေးပါသည်။ သို့ဖြင့် တစ်ဘောင်ပါ ၊ “ ကျောက်မျက်ကရေပေါ် ‘၀’ဘုရား ” ဟူသော အကြောင်းအရာ နှစ်ရပ် ပြည့်စုံခဲ့လေ၏။
၉ လ ခန့်ကြာသော် ‘၀’ဘုရားအစောင့်တဲနေ ဦးညိုသည် အချို့သော လပြည့်လကွယ် ညများတွင် ‘၀’ဘုရား၏ စနေထောင့် အောက်ခြေချပ်ကြားကြီးထဲမှ သတ္တ၀ါဟိန်းသံကြီး ကြားရကြောင်း ဦးဟန်တင်ထံ သတင်းပို့ပြီး၊ ကျန်းမာရေး အကြောင်းပြခါ ပြောင်းရွှေ့သွားတော့၏။
များမကြာမှီ ဆေးသဲ့တောင်ဆရာတော်ကြီး ဦးတေဇနှင့် သားတပည့် ဦးသိန်းလွင် ( ငွေငန်းဖြူ ဟော်တယ်၊ မန္တလေး ) တို့ရောက်လာပြီး အဘဘိုးမင်းခေါင် ထီးကြီးအောက်တွင် ထိုင်နေပုံပြုလုပ်ရန် ငွေကျပ် ၁၀ သိန်းလှူဒါန်းလေသည်။
သို့ဖြင့် ဦးဟန်တင်သည် ‘၀’ဘုရားအောက်ခြေ ဟိန်းသံကြီးများလာရာ ချပ်ကြားကြီး၏ ရေစီးချောင်းတွင် ၂ ပေခန့် ကန့်လန့်ခံ၍ပေါ်နေသော ကျောက်တုံးကြီးအား အဘဘိုးမင်းခေါင် ထိုင်မည့် ကျောက်ဖျာလုပ်ရန် ရည်သန်၍ တူးဖော်ကြည့်ရာ အင်ကြင်းကျောက်ပင်စည်ကြီး ဖြစ်နေကြောင်း တွေ့ရှိ၏။ သို့သော် နှမြောသဖြင့် မဖြတ်တောက်လိုသည့်အတွက် လက်ယက်မကျေးရွာနေ ဦးလှဝင်းအောင် နှင့် အဖွဲ့၏ ကျပ်တစ်သိန်းတန် လုပ်အားဒါနဖြင့် သဲတောင်ချပ်ကြားကြီးအတွင်း ဆက်လက်တူးဖော်ကြရာ ပေ၃၀ ကျော်ခန့် အထိ ရောက်ရှိသော်လည်း အရင်းအဖျားမပေါ်သေး၍ ရပ်ထားလိုက်ရသည်။
တစ်ညတွင် မြည်ဟိန်းသံကြီးနှင့်အတူ ချပ်ကြားသဲကမ္ဘာရံကြီး ပြိုကျသံကြားရပြီး နံနက်ခင်း၌ သွားရောက်ကြည့်ရှု ကြသောအခါ အင်ကြင်းကျောက်ပင်ကြီး အရင်းပိုင်း သစ်မြစ်ဆုံကြီးဘက်ဆီသို့ ရောက်အောင် ပေ ၂၀ ခန့် သဲလိုဏ်ခေါင်းကြီး ပြို၍ အင်ကြင်းသစ်မြစ်ဆုံကြီး တစ်ပိုင်းတစ်စ ပေါ်နေသည်ကို တွေ့ရှိရသည်။
သဲများယက်၍ အင်ကြင်းကျောက် သစ်မြစ်ဆုံကြီးအား တူးဖော်ကြည့်ရာ သတ္တ၀ါတစ်ကောင်၏ ဦးခေါင်းပုံသဏ္ဍာန် ဟန်ပန်ပေါ်နေ၏။ ထို့ကြောင့် သစ်မြစ်ဆုံကြီး၏ အင်ကြင်းကျောက်အစအန များကိုကောက်ယူ၍ ဆက်စပ်ကြည့် လိုက်သောအခါ နဂါးခေါင်းကြီး သဏ္ဍာန်ပုံပေါ်လာတော့၏။
သုံးရက်ခန့်အကြာတွင် ပြည်မြို့ မယ်တော်ကြီးဒေါ်သိန်းတင် နှင့် သားတပည့် မကွေးမြို့နေ ဦးအေးကို + ဒေါ်တင်တင်ဝင်း ( စွယ်တော်ဖူး - သယ်ယူပို့ဆောင်ရေး ) တို့က ငွေကျပ် ၁၀ သိန်း လှူဒါန်ပြီး အမြီးပိုင်း ၅ ပေ ခန့် ဆက်လက်တူးဖော်၍ ကျောက်နဂါး ဦးခေါင်းပိုင်းပေါ်တွင် နေလဓါတ်ပေါင်းစေတီ တည်ပါသည်။
ဝန်ကြီးခရီးစဉ်နှင့် လမ်းကြုံနေ၍ ရောက်ရှိလာသော ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ကြည်အောင်က အရှည် ၅၅ ပေ ရှိ ယင်းအင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းသည် လွန်ခဲ့သော နှစ်ပေါင်း လေးသန်းခန့်ကဟု အတည်ပြုပေးပြီး၊ ထိမ်းသိမ်းရန် တရားဝင်လမ်းညွှန် ဆောင်ရွက်ပေးသည်။
သို့ဖြင့် ရာသီဥတုဒဏ် ကာကွယ်ရန် မုံရွာမြို့ ချင်းတွင်းမင်းသမီး ( ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေး ) မှ ဦးတိုက်အောင် + ဒေါ်ခင်စန်းဝင်း တို့မှ ငွေကျပ် ၁၀ သိန်း လှူဒါန်းပြီး အမိုးပိုင်းကို တက်အားသ၍ ဆောင်ရွက်ပေးပါသည်။
စိုက်ပျိုးရေးဝါသနာရှင်တစ်ဦးကလည်း ငွေကျပ် ၁၀ သိန်းခန့် အကုန်ကျခံ၍ သစ်ပင် အမျိုးမျိုးကို တောင်ကျောပေါ်တွင် နည်းစနစ်တကျ ရှင်သန်အောင် စိုက်ပျိုးပေးပါသည်။
ထို့နောက် အနောက်မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေးသည် တိုင်းမှူးခရီးစဉ် လမ်းကြုံကြိုက်နေသဖြင့် ဆင်ဂေါင်းတောင် သို့ရောက်လာပြီး ကြည့်ရှုစစ်ဆေးရာ ဤနဂါးပုံသဏ္ဍာန် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း၏ ဟန်ပန်အမူအရာသည် အနောက်အရပ်မှ အရှေ့အရပ်သို့ တွားလှမ်းလာခါ၊ မိမိ လျှောက်လှမ်းခဲ့သော လမ်းအား ပြန်လည်ကြည့်ရှု သုံးသပ်ဟန်ဖြင့် အမြီးပိုင်းရှိရာ အနောက်ရပ်ဘက်ကို မျက်နှာမူ လှည့်ကြည့်နေဟန် ဖြစ်သည့်အပြင် အမြီး နှင့် အမောက်မှာလည်း တည့်နေကြောင်း မှတ်ချက်ပြုပါသည်။
ထို့ပြင် စိုက်ပျိုးရေး တမာပင်များနှင့် ဆင်ဂေါင်းတောင် ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေး အတွက် ဖွံ့ဖြိုးရေးဆည်တစ်ခုနှင့် ကျောက်နဂါး အနီးတွင် ဆည်တစ်ခု တည်ဆောက်ပေးပါသည်။ ထို့ကြောင့် နဂါးရေသောက် ဟူသော တဘောင်ပါ အကြောင်းအရာ သုံးရပ် ပြီးပြည့်စုံသွားပါတော့သည်။
သို့ဖြစ်၍ ကျွန်တော်များအနေဖြင့်လည်း အမြီးအမောက် တည့်အောင်လျှောက် ပေါက်မြောက်မည်မှန် မြဲဧကန် တည်းဟူသော စကားမွန်ကို မှတ်ကျောက်တင် ကိုယ်စားပြုသော အားဖြင့် သာသနာပြုလုပ်ငန်းများကို အမြီးအမောက်တည့်အောင် ဆောင်ရွက်ခြင်းအားဖြင့် သာသနာပြုခရီးကို တိုးတက်ပေါက်မြောက်အောင် ဆက်လက်လျှောက်လှမ်း မည်ဖြစ်ပါကြောင်း….
ဆင်ဂေါင်းတောင် အနောက်ဖက်
ကျောက်မျက်က ရေပေါ်ထွက်

‘၀’ဘုရားခြေအောက်
နဂါးရေသောက်

အမှားတွေပျောက်

အမှန်တွေပေါက်

အကောက်တွေဖယ် အခက်တွေရှင်း

အလင်းတွေပွင့် အမြင့်တွေရောက်

မဖောက်မမှား

အရောက်သွား

အဲဒါ…. ကျောက်နဂါး…။
ကဲ စာရွက်လေးထဲမှာပါတဲ့ “ ကျောက်နဂါး ” ရဲ့သမိုင်းဖြစ်စဉ်လေးကတော့ ဒါပါပဲ…။ တစ်ခါတစ်ခေါက် ကြုံကြိုက်ခဲ့ရင်လည်း စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် မှာ ရှိတဲ့ ဆင်ဂေါင်းတောင် က “ ကျောက်နဂါး ” ဆီ အရောက်သွားဖို့ သတိရကြနော်….

Read More...

ကျေးဇူးတင်ပါတယ်