ဒီနေ့ မန္တလေးမှာ မနက်တည်းက မိုးရွာနေတာ နေ့လည်ထိမတိတ်သေးဖူး…။ ထုံးစံ အတိုင်း မန်းလေးက လမ်းမတွေက မိုးလေးနည်းနည်း ရွာလိုက်တာနဲ့ ရေပြင်ကြီးတွေ ဖြစ်ကုန်ရော…။ လမ်းမတွေမှာလည်း ဆိုင်ကယ်ပျက်လို့ တွန်းလာတဲ့သူတွေ၊ ကားတွေ စက်ရပ်ကုန်လို့ လမ်းဘေးမှာ ရပ်ထားရတာတွေ
အဲဒီ မြင်ကွင်းကတော့ မရိုးနိုင်ပါဖူး…။ ဒါပေမယ့်လည်း မန်းလေးကနေ ဝေးနေတဲ့ သူငယ်ချင်းတွေ အတွက် အမှတ်တရ မန်းလေးပုံရိပ် တွေထဲက မိုးတွင်းပုံရိပ်တစ်ခုကို သတိတရနဲ့ ဒီ post လေး တင်ပေးလိုက်ပါတယ်…။ သူတို့တွေလဲ
ဒီလို ဆိုင်ကယ်ပျက်၊ ကားပျက်တွေ ကြုံဖူးကြမှာ မလွဲဧကန်ဘဲ…။ ဟဲ…ဟဲ… သိနေတယ်လေ…သိနေတယ်….။ အခုထိ မိုးကမတိတ်သေးဖူး ။ မိုးမျက်နှာမော့ ကြည့်လိုက်တော့ ညနေထိရွာနေအုံးမယ့် ပုံပဲ…။ ပျော်လိုက်တာ… ညနေထိရွာရင်တော့ သင်တန်းကို ခွင့်တိုင်စရာမလိုဘဲ.. Automatic ပျက်လို့ရပီ… ဟီ…ဟိ…။ ဒါပေမယ့်လည်း မိုးမစဲတော့ လမ်းမပေါ် ကားတစ်စီးလောက်များ ဖြတ်သွားရင် ရေလှိုင်းလုံးကြီးတွေက အိမ်ထဲကို လှိမ့်ဝင်လာပုံများ ချောင်းသာရောက် နေတဲ့အတိုင်းပဲ... :( ။
မိုးကြီးပြီး လေမကြီးပေမယ့် အိမ်ရှေ့ကသစ်ပင်ကြီး မိုးဒဏ်မခံနိုင်လို့ လမ်းမပေါ် လဲပြိုကြရှာလေရဲ့။ တော်ပါသေးရဲ့ လူတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေမထိလို့။
လမ်းလျှောက်သွားတဲ့ သူတွေကလည်း ရေတွေလွှမ်းလို့ စင်္ကြန်လမ်းပျောက်သွားတော့ လမ်းမပေါ်တက် လျှောက်နေရတယ်..။ ဘူတာကြီးရှေ့တစ်လျှောက်လုံး ရေပြင်ကြီး ဖြစ်လို့နေတယ်..။
ခေါင်းရွက်ဈေးသည်တွေလည်း မိုးရွာကြီးထဲမှာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မနားရရှာဖူး..။


