Monday, May 7, 2007

ခဲပန်းချီအကြောင်း အပိုင်း ( ၂ )

မနေ့က သင်လာခဲ့ရတာတွေ ဒီနေ့မှ Post တင်ဖြစ်တယ်။ ဘယ်ကနေစရေးရမယ် ဆိုတာ အတော်ကိုစဉ်းစားယူရတယ်… ( ဥာဏ်ကြီးရှင်လေ )။ အခုတောင်ဒီလောက်မေ့နေမှတော့ နောင်ကျရင် ကိုယ်တင်ထားတဲ့ Post လေးတွေပြန်ဖတ်ပြီး မှတ်မိနိုင်တယ်…ကဲ…ကဲ… လေမပေါတော့ဘူး …. စပြီ..

စနေနေ့ ကသင်ပြီးတဲ့ သင်ခန်းစာလေးတွေ Line , Form , Tone ဆိုတာလေးတွေကို ပြန်နွှေးပြီးတော့ Tone ထဲမှာပါတဲ့ Stroke နဲ့ Texture ကိုပြည့်ပြည့်စုံစုံ ထက်ရှင်းပြတယ။် သူတို့ရဲ့အရေးပါပုံတွေပြောပြတယ် (အလင်းအမှောင်၊ အနိမ့် အမြင့်၊ အနီး အဝေး၊ အဖိ အဖော့ စသည်ဖြင့်ပေါ့ )...။

Tone တွေဆွဲတဲ့ အခါမှာ ပုံစံတူ Tone နှစ်ခု ကိုကပ်လျှက် မဖြည့်ရဘူး။ ကျားကွက်ပုံသဏ္ဍာန်ဖြည့်ရတယ်…။ Stroke က ပုံရဲ့ Direction ကိုအားဖြည့်ပြီးတော့ Texture ကတော့ ပုံရဲ့ ရုပ်လုံးကြွမှုကို အသက်ဝင်လာစေတယ်။


- ပုံစံတူ ပုံနှစ်ပုံကို Tone ခွဲထားတဲ့ ပုံ မြင်ရတဲ့ အမြင်ခြင်းလည်း ကွဲသွားတယ်... ပထမနေ့ကပြောတဲ့ Interest , Exciting , Emotion ဆိုတဲ့အချက် ၃ ချက်ထဲက တစ်ချက်နဲ့ ကိုက်ညီသွားပြီ...



- ဒီပုံက ကိုယ်ဘာကိုယ် ခွဲထားတာ… Tone 1 to 5 ကိုစိတ်ကြိုက် သုံးထားတာ (ဟီးးးဟီးးး… Teacher က လှဒယ်တဲ့)




- ဥပမာပေါ့..ညာဘက်က ပုံဆိုရင် Stroke တွေက ပုံကိုအားဖြည့်ပေးထားတာ ၊ နောက်ပြီး Texture တွေကြောင့် တိမ်တွေရဲ့ လှုပ်ရှားမှုကို ရုပ်လုံးကြွပြီး ပိုအသက်ဝင်စေတယ်….။

- ဒီအပေါ်ကပုံဆိုရင် အနီးအဝေး၊ အလင်းအမှောင် ကိုပြတယ်..။ အဝေးဆုံးက ( Tone ) အရောင်ကို “Zero” ထားလိုက်ပြီး အနီးဆုံးကို ၅ ထားလိုက်တယ်…( အလင်း အမှောင် Tone ကို အရင် post မှာတင်ထားတယ်။ သုည က နေ ၅ ထိပြထားပေမယ့် ရှာဖွေလေ တွေ့ရှိလေပါပဲတဲ့ ) ပထမပုံက Teacher ခြယ်ထားတာ….။ ဒုတိယပုံက ကိုယ့်ဘာကိုယ် ခြယ်ထားတာ။

အဲဒီနောက် ကားဖွဲ့စည်းပုံ ( Composition ) ဆိုတာကိုဆက်တယ်… ပြီးတော့ မော်ဒန်ပန်းချီလို့ခေါ်တဲ့ ပုံတွေ ၊ Landscape ပုံတွေ ၊ ဆွဲပြီးတော့ Stroke နဲ့ Texture ကိုဖြည့်ရတယ်…

စကားချပ် ( ဒီနေ့တော့ Teacher ကချီးကျူးတယ်…။ ပူပူလောင်လောင် ချွေးတစ်ရွှဲရွှဲနဲ့ ၄ နာရီလုံးလုံး ထိုင်ရာကမထ ပုံတွေဆွဲပြီး ဇက်တွေညောင်း၊ မျက်လုံးတွေလေး နေတဲ့ကြားက အဲလိုချီးကျူးသံလေးများ ကြားရပြန်တော့လဲ အားတက်သွားရော။ Teacher ကတစ်ယောက်ချင်းစီကို လိုက်သင်ပြတယ်… လိုအပ်ချက်တွေပြောပြတယ်… စကားပြောရင်လဲ ပြုံးပြုံး ပြုံးပြုံး နဲ့ အရမ်းကိုသဘောကောင်းတယ်… သင်တန်းမှာ အများစုက ကလေးတွေချည်းပဲ… အဲဒီမှာ ကလေးဗိုလ်သွားလုပ်တာ )



- ဒီပုံမှာ Subject က Sunflower နေကြာပန်းခင်းကြီးပဲ…








- ဟောဒီပုံလေးမှာ Balance ကိုပြထားတယ် ဒေါင်လိုက်ပုံမှာ Horizontal Line လို့ ခေါ်တဲ့ မြေကြီးမျဉ်း ကိုထပ်ဖြည့်ထားပြီး ၊ Landscape ပုံမှာ Vertical Line တွေ အချိုးညီညီ ထပ်ဖြည့်ပေးလိုက်တော့ Balance မျှသွားတာပေါ့

ဒါကတော့ ကိုယ့်ဘာကိုယ်ဆွဲထားတာ... çဲ .... çဲ ... çဲ

ကဲဒီနေ့တော့ ဒီလောက်ပဲ…။ စနေ၊ တနင်္ဂနွေ သင်တန်းလေး ဒီတစ်ပတ်တော့… ပြီးသွားပြီ… နောက်တစ်ပတ်.. ဒီနေရာ .. ဒီ blog လေးမှာ ပြန်ဆုံကြမယ်နှော့်…. အဟ…ဟ…ဟ…

ခုလိုအပြီးထိ သီးခံပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးကမ္ဘာဆိုင်…

Read More...

Saturday, May 5, 2007

ပထမဆုံးနေ့...

ဒီနေ့ ( May 5 2007 ) ပန်းချီသင်တန်း တက်မယ့် ပထမဆုံးနေ့။ ပထမဆုံးစတက်ရမယ့်နေ့ဆိုတော့ မနက် ၉ နာရီအမှီ မထနိုင်မှာစိုးလို့ မနေ့ညက ခပ်စောစောလေး အိပ်ရာဝင်ခဲ့တယ်။ ဒါပေမယ့် ရိုးရာမပျက် နောက်ကျမြဲ ၁၅ မိနစ် နောက်ကျပြီးရောက်သွားတယ်။ ဆရာမကြီးက အရမ်းကိုသဘောကောင်းတယ်…။ ( မဆူလို့ …. အဟ…)

ရောက်ရောက်ချင်းပဲ Line, Form, Tone ဆိုတဲ့အခြေခံတွေ သင်ခန်းစာတွေ စသင်တယ်... ပုံမှာပြထားတဲ့ အတိုင်းပဲ .. အခြေခံအားဖြင့် မျဉ်းမာ ( Line ) နဲ့ မျဉ်းပျော့ ( Curve ) ဆိုပြီးရှိတယ်… (ရုပ်၊နာမ်) ပေါ့ ။ အဲဒီမှာ ၁၈၀ံ မျဉ်းလဲ တစ်ကြောင်း ( မြေကြီးမျဉ်း ၊ Horizontal Line ) ၊ ၉၀ံမျဉ်းမတ် တစ်ကြောင်း (ထောင်မျဉ်း )နဲ့ ယိုင်မျဉ်း ဆိုပြီးတော့ မျဉ်းမာ ၃ မျိုးရှိတယ်။ ဘဲဥပုံ ၊ စက်ဝိုင်းပုံ ၊ အခုံး ၊ အခွက် ၊ လှိုင်းပုံ နဲ့ ခရုပတ်ပုံ စသည်ဖြင့် မျဉ်းပျော့ ကအများကြီး ရှိနိုင်သေးတယ်…။

ပထမဆုံးနေ့ဆိုတော့ အရမ်းကိုတက်တက်ကြွကြွပဲ…။ သင်သမျှအရာအားလုံးက စိတ်ဝင်စားစရာတွေဖြစ်နေတာပေါ့။ မျဉ်းကြောင်းလေးတွေစဆွဲကြည့်ရမယ်လို့ပြောတော့ ဒါလေးများ လွယ်လွယ်လေး ဆိုပြီးဆွဲလိုက်တာ ကောက်ကောက်ကွေးကွေးတွေ ထွက်လာတယ်။ ( “လွယ်မယောင်နဲ့ခက် ၊ တိမ်မယောင်နဲ့နက်” ဆိုတာဒါပဲနေမှာ) ဆရာမကြီးကတော့ “ အရမ်းကြီး အခြေအနေ မဆိုးပါဘူး မျဉ်းမာတယ် ” တဲ့ ( အားပေးစကားတွေ သိတာပေါ့နှော့် )။ ပန်းချီကျောင်းတွေမှာဆို အဲဒီ Line တွေ Curve တွေကို ပထမနှစ် တစ်နှစ်လုံး အသားကျအောင်ထိဆွဲရတယ်တဲ့။ အိမ်မှာအများကြီး လေ့ကျင့်ဖို့ လိုသေးတယ်ဆိုတာ သဘောပေါက်လိုက်တယ် ( ချက်ခနဲ့ဆို နားခွက်မီးတောက် ပြီးသား )… ။

ပြီးတော့ မျဉ်းပျော့ အမျိုးမျိုးတွေဆက်ဆွဲရတယ်။ လှိုင်းဆွဲတာ သိပ်မလှဘူးတဲ့ မှတ်ချက်နောက်တစ်ခု ကိုလဲရလိုက်တယ်။ မှတ်ထားရမယ်… ။

Line and Curve တွေချည်းဆွဲပြီးရော Form ( ပုံသဏ္ဍာန် ) အဆင့်ကိုတက်တယ်…

Form is “ Interest ”
Form is “ Exciting ”
Form is “ Emotion ” တဲ့

အဲဒီအချက်တွေနဲ့ ဘောင်ဝင်သွားရင်…… ( ပြောမပြလဲ သိတယ်မလား )

- မျဉ်းမာတွေချည်း ၁၀ ပုံ ၊

- မျဉ်းပျော့တွေချည်း ၁၀ ပုံ ၊

- မျဉ်းမာ နဲ့ မျဉ်းပျော့ ပေါင်းထားတဲ့ ပုံ ၁၀ ပုံ ဆွဲရတယ်…( ဒီဇိုင်း )

ဒါတွေကို အခြေခံခဲရာ ( Out Line ) လို့ခေါ်တယ်။ အခုနောက်ပိုင်းမှာတော့ Out Line တွေကို သိပ်သုံးတာမရှိတော့ဘဲ သီအိုရီ အရပဲရှိတော့တယ်… ဘာပဲဖြစ်ဖြစ် အခြေခံသဘောတရားတော့ သိသင့်ရမယ်… ၀ါသနာပါရင် သူငယ်ချင်းတို့… ဆွဲကြည့်ကြည့်ပါလား… ။ ဘယ်နှစ်ပုံလောက်ထွက်လာမလဲ… စိတ်ကူးကောင်းရင် ခေတ်သစ်မော်ဒန်ပန်းချီ တစ်ချပ်ဖြစ်သွားနိုင်တယ်နော်… ။ အဲဒီမှာလဲ မှတ်ချက်ရသေးတယ်။ Form တစ်ခုထဲမှာ ပုံစံတူတွေထပ်နေတယ်တဲ့…။ ကျန်တဲ့သူတွေ ဘယ်လိုစိတ်ကူးနဲ့ဆွဲလိုက်တယ်မသိဘူး…။အရမ်းကြည့်လို့ကောင်းတာပဲ…။ဆရာမကိုယ်တိုင်ကိုက ချီးကျူးတာ…( အားကျလိုက်တာနော် )

ဒီပုံနှစ်ပုံကတော့ ကိုယ့်ဘာကို ဆွဲတဲ့ မျဉ်းကြောင်း ကောက်ကောက်ကွေးကွေးပုံ နဲ့ တစ်မျိုးကို ၁၀ ပုံစီဆွဲထားတဲ့ပုံလေး နှစ်ပုံ..

နောက်တစ်ဆင့်က နယ်ခွဲခြင်း ( Tone ) အလင်းအမှောင် ၊ အနု ၊ အရင့် သဘောတရားတွေပါတယ်… ၃ ပုံတွဲထဲက အလယ်ကပုံက ရှုပ်ရှက်ခက်နေတယ်လှဘူးတဲ့...။

ဒါက အဒူဆွဲတယ်ထင်လဲ.... ( ဟဲ...ဟဲ... Teacher ဆွဲပေးလိုက်တာ... )

အဓိက ကတော့ idea ကောင်းရမယ်...။ သပ်ရပ်ရမယ်…။ ဒီနေ့ကတော့ ဒီလောက်ပဲ သင်လိုက်ပေမယ့် … လေ့လာရမယ့် အပိုင်းတွေ အများကြီး ၊ လေ့ကျင့်ရမယ့် အပိုင်းတွေလဲအများကြီး …

နေ့လည် ၁ နာရီမှာ သင်တန်းကပြန်လာတယ်… မန္တလေးနွေရာသီရဲ့ နေပူကျဲကျဲ အောက်မှာ ဆိုင်ကယ်မောင်းပြန်လာရတော့ ခေါင်းတွေအရမ်းကိုက်နေတာပဲ။ အိမ်ရောက်ရင်အိပ်ပလိုက်မယ်လို့ အားခဲထားတာ… ဒါပေမယ့်လဲ သင်လာခဲ့ရတာလေးတွေ မေ့တေ့တေ့မဖြစ်ခင် စဉ်းစားပြီး ရောက်ရောက်ချင်း ပဲ Blog အတွက်ချက်ခြင်း ချရေးပြီး စာစီလိုက်တာ…။ စာတွေရိုက်ပြီးလို့ ဓါတ်ပုံထည့်ဖို့ စာရွက်တွေ Scanner သွားဖတ်တော့ Paper Size ကနည်းနည်းကြီးနေလို့…Camera နဲ့ပဲပြန်ရိုက်ထားတာ။ သူငယ်ချင်းတို့… သည်းခံပေးကြနော်… နောက်ပြီး.. အားနည်းချက်တွေ ထောက်ပြ၊မှားနေတာတွေ ပြင်ပေး အကြံပြုချက်တွေလဲ အရမ်းကိုကြိုဆိုပါတယ်… ကျေးဇူးလဲတင်တယ်… ( စာသင်ပျိုနုပဲရှိသေးတော့ … =P )


Read More...

Thursday, May 3, 2007

ဒါတွေသိလား

ဒါတွေသိလား….

၁။ မြဲမြန်စွာကိုင်ထားဖို့…
လက်ချောင်းလေးတွေ ထိပ်ဖျားတွေမှာရှိတဲ့ အရေပြားပေါ်က လက်ဗွေရာတွေက အရာဝတ္ထုတွေကို ဆုပ်ကိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်တဲ့။ လက်ဗွေရာ အမြောင်းလေးကြားထဲက ချွေးပေါက်လေးတွေကနေ ချွေးတွေ ၊ အဆီတွေ ထုတ်ပေးတဲ့အတွက် ဆုပ်ကိုင်ထားရာမှာ ပိုမြဲစေတယ်တဲ့….။

၂။ အရေပြားမှကွာကျတဲ့အရာတွေ…
အရေပြားရဲ့အပေါ်ယံမျက်နှာပြင်မှာ တစ်သျှူးအသေတွေရဲ့ ခြောက်သွေ့နေတဲ့ အဖတ်လေးတွေရှိနေပါတယ်။ သူတို့ဟာ အဆက်မပြတ်ကွာကျနေပြီး တစ်နေ့ကို ကုဋေ ၁၀၀ ( တစ်ရာ ) လောက်ကြွေကျနေတတ်တယ်ဆိုပဲ… ။ အိမ်မှာရှိနေတဲ့ ဖုန်မှုန့်အများစုကလည်း အဲဒီ အရေပြားကနေ ကွာကျတဲ့ အဖတ်မှုန့်လေး တွေပါပဲတဲ့ကွယ်…။ မှတ်ထားကြနော်… =P

၃။ ချွေးနံ့ နဲ့ ချွေး…
လူတစ်ယောက်မှာ တစ်နေ့ကို ချွေးတစ်ပိုင့် စာလောက်ထွက်ပါတယ်…။ အဲဒီမှာ ချွေး နှစ်မျိုးနှစ်စားထုတ်ပေးတယ်…။ ခန္ဓာကိုယ်ကို အေးမြစေတဲ့ Eccrine လို့ခေါ်တဲ့ ချွေးရယ် ၊ အနံ့ထုတ်ပေးတဲ့ Apocrine လို့ခေါ်တဲ့ ချွေးရယ် နှစ်မျိုးကို အရေပြားကထုတ်ပေးတယ်…။ Apocrine ချွေးအမျိုးအစားဟာ ဆယ်ကျောက်သက် အရွယ်ရောက်တဲ့အခါထုတ်ပေးတယ်…။

2007 Aprial လထုတ် သုတစွယ်စုံ မှာဖတ်လိုက်ရလို့ အားလုံးကို မျှဝေပေးလိုက်ပါတယ်...
သိပြီးသားတွေလည်းပဲ ဖြစ်နိုင်ပါတယ်…. ဘာပဲဖြစ်ဖြစ် မသိသေးတဲ့သူတွေအတွက် ဗဟုသုတ တစ်ခုတိုးသွားတာပေါ့…။

Read More...

ကျေးဇူးတင်ပါတယ်